ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၃၂ ။ Ragnarök*
ဤသည်မှာ ချောက်ကမ်းပါးအပေါ်ဘက်သို့ ကောရှို့ ပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ အဲ့တာက ကျယ်ပြောကာ လူသူကင်းမဲ့သည့် လွင်ထီးခေါင်ခေါင်ကြီးဖြစ်ပြီး ချောက်ကမ်းပါးယံထိပ်မှမြေပြင်ပေါ်သို့ထိုးထွက်နေသည့် တောင်နှင့်တောင်ကုန်များက ပြန့်ပြူးသည့်မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းကာရုပ်ဆိုးအကျည်းတန်သည့် အမာရွတ်များကဲ့သို့ဖြစ်နေသည်။ ကောင်းကင်၏အစွန်းဘက်ဆုံးတွင်ချိတ်ဆွဲထားသည့် သွေးစွန်းနေသည့်လမှာ မညီညာသောရေပြင်ညီမျဉ်းကဲ့သို့မြေပြင်နောက်တွင် တဝက်တိတိဖုံးအုပ်ခံထားရသည်။ လရောင်မှိန်မှိန်အောက်တွင် ဤကျယ်ပြန့်ကာတိတ်ဆိတ်နေသည့်ကုန်းမြေကြီးပေါ်တွင် သက်ရှိသတ္တဝါတစ်စုံတရာ၏အရိပ်ယောင်တောင်မရှိဘဲ တိတ်ဆိတ်ကာခြောက်ခြားဖွယ်ကောင်းသည်။ ကောရှို့ ကခေါင်းငုံ့လိုက်ပြီး သူ့လက်ချောင်းတွေကိုအသာရွေ့ကာ သူ့အနာပေါ်ကိုဖုံးထားသည့် အမှောင်စွမ်းအင်များကိုဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ပြတ်ရှရာကြီးကသူ့လက်ကောက်ဝတ်ပတ်ပတ်လည်တွင်ရှိနေပြီး နာကျင်မှုကိုတော့မခံစားရတော့ပေ။ အနီရင့်ရောင်သွေးများကခဲနေပြီး ထူထဲသည့်အကာကွယ်တစ်ခုလိုပင် သူ့၏သေးသွယ်သောလက်ကောက်ဝတ်ကိုဖုံးအုပ်ထားသည်။ အပေါ်နားကသွေးခြောက်များက သေးပြီးပါးလာကာ အောက်ဘက်ရှိ ပန်းနုရောင်အသားအရေကိုပေါ်လာစေသည်။ ခုနကတိုက်ခိုက်ရာမှလာသည့် သူ့ကိုယ်ပေါ်ကဒဏ်ရာများကိုစစ်ကြည့်လိုက်သည့်အခါတွင် ဘယ်အချိန်ကတည်းက သူ့ကိုယ်ပေါ်က သွေးကွက်များပျောက်ကွယ်သွားသည်ကိုမသိဘဲ ဖြူဖျော့သည့်အရေပြားပေါ်တွင် သွေးကွက်အနည်းငယ်သာ ပြောက်တိပြောက်ကျားကျန်ခဲ့သည်။
လက်ကောက်ဝတ်ရဲ့နောက်တစ်ဖက်မှာတော့ စိမ်းပြာရောင်သွေးကြောများနှင့် ခပ်မှိန်မှိန်မြင်နေသည့် အနီရောင်အမှတ်များကရောယှက်နေကာ နားလည်ရခက်ပြီးမကောင်းဆိုးဝါးဆန်ဆန်ဖြင့် totem ကအသက်ရှိနေသကဲ့သို့ပင်လှုပ်ရှားနေပြီး သူ့ကို ချုပ်နှောင်ခံထားသည့် အသားများကိုဖြတ်ကာအရေပြားပေါ်သို့တိုးထွက်ချင်နေသည့်အတိုင်း။ အနီရောင် totem ကတဖြည်းဖြည်းပိုပိုရင့်လာပြီး သူ့ကိုလျစ်လျူရှုထားလို့မဖြစ်တော့ပေ။ ကောရှို့က သိပ်မဝေးသည့်နေရာက ရေပြင်ညီမျဉ်းပေါ်၌ ချိတ်ဆွဲထားသည့် အပြည့်ဖြစ်လုနီးပါးလကိုလှမ်းမော့ကြည့်လိုက်သည်။ လဝန်းကပြည့်ခါနီးလာလေလေ သူစွမ်းအားတွေက တဖြည်းဖြည်းပိုပြီးအားအင်ကြီးမားလာသည်ကိုခံစားမိနေသည်။ ကီလိုမီတာအနည်းငယ်အဝေးအတွင်းက အမှောင်စွမ်းအင်များက ပျော်ရွှင်စွာမြူးကြွနေသယောင် သူ့စိတ်၏ထိန်းချုပ်မှုအောက်တွင် တက်တက်ကြွကြွဖြင့် ကောရှို့ ၏ လက်ချောင်းထိပ်များတွင် ရစ်ပတ်နေလေသည်။ သူစိတ်အလိုရှိကာ တောင်းဆိုသည့်အတိုင်း အမှောင်စွမ်းအင်များက ပုံစံအရွယ်အစားမျိုးစုံဖြင့်ပြောင်းလဲနိုင်လေသည်။ ဤစွမ်းအားများကအလွန်စွဲမက်ဖွယ်ကောင်းသော်လည်း အလဲအလှယ်တစ်ခုလိုပင် အလွန်အန္တရာယ်များလှသည်။ ဘာပြန်ပေးဆပ်ရမလဲသူမသိသေးပေမယ့် သိပ်မကြာခင်မှာပြန်ပေးရမည်ကတော့သေချာသည်။