ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၂၆ ။ Ragnarök*
Elinor အမှောင်ထဲတွင် သူ့ရဲ့မျက်လုံးများကိုဖွင့်လိုက်သည်။
အချိန်အတော်ကြာသည်အထိ သူဘယ်ရောက်နေမှန်းမသိသေးပေ။
သူ့ကျောနဲ့ ဗိုက်ကဒဏ်ရာတွေရဲ့ နာကျင်မှုကြောင့်နိုးလာတာဖြစ်ပြီး အခုသူ့စိတ်ထဲမှာ အေးစက်ပြီးရက်စက်ကြမ်းကြုတ်နေသည်။
အခုတော့သူနိုးလာပြီ။
Elinor သူ့နောက်ကျောပေါ်ကကျိန်စာကလာတဲ့အနံ့ကို ရှင်းရှင်းလင်းလင်းရနေသည်။ ဒဏ်ရာမှာကပ်နေတဲ့ဆိုးညစ်တဲ့ကျိန်စာစာလုံးတွေက အချိန်ကြာလာတာနှင့်အမျှ သူ့အရိုးနဲ့သွေးတွေကို တရွေ့ရွေ့တိုက်စားနေပြီး စက္ကန့်နှင့်အမျှ သူ့နှလုံးနဲ့အဆုတ်ဆီတဖြေးဖြေးနီးကပ်လာကာ ကျိန်စာရဲ့ပြင်းထန်တဲ့အငွေ့အသက်ကိုတောင် သူရှူထုတ်လိုက်တဲ့လေထဲမှာပါခံစားလို့ရနေသည်။
ဒါနဲ့ယှဉ်လိုက်ရင်သူ့ဗိုက်ပေါ်ကဒဏ်ရာကမပြောပြလောက်ပေ။
သူ့နာကျင်မှုတွေအကုန်လုံးကဒီ ဒဏ်ရာ ၂ ခုဆီကလာနေတာဆိုပေမယ့်လဲ တကယ့်တရားခံအစစ်က သူ့ခန္ဓာကိုယ်ထဲကနေ နတ်ဘုရားရောင်ဝါကိုထုတ်ယူလိုက်တဲ့သူပင်။
Elinor သူ့ရဲ့လျှာပေါ်မှာ အမှောင်စွမ်းအားတွေကနေ လောင်ကျွမ်းနေတဲ့သတ္တုရဲ့အရသာက တင်ကျန်နေခဲ့ပြီး သူ့ရဲ့ရွှေရောင်မျက်လုံးတွေက အမှောင်ထဲမှာအေးစက်စွာလောင်ကျွမ်းနေခဲ့သည်။
သူ့ရဲ့ယုံကြည်မှုစွမ်းအားတွေက ခန္ဓာကိုယ်ကနေဆုတ်ယုတ်သွားပြီး လူသားအသွင်သဏ္ဍာန်ကတောင့်ခံမထားနိုင်တာမလို့ အအေးဓာတ်က သူ့ရဲ့ကျောရိုးတစ်လျှောက်နေခြေလက်တွေအထိပျံ့နှံ့သွားလေသည်။ သူ့ရဲ့ထူထဲတဲ့အမွှေးတွေကတောင်မှ စွမ်းအားတွေရဲ့တွန်းလှန်တိုက်ခိုက်မှုကိုမခံနိုင်ဘဲ တဖြေးဖြေးအေးခဲလာလေသည်။
ခန္ဓာကိုယ်တစ်ခုလုံးကထုံကျင်နေပြီး တဖြေးဖြေးအသိစိတ်လွတ်လာခဲ့သည်။
သစ္စာဖောက်ခံရခြင်းရဲ့ခံစားချက်က သူ့ရဲ့စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်းတံဆိပ်ခတ်ခံခဲ့ရသည်။ သွေးဆာနေတဲ့ဒေါသက အထိန်းအကွပ်မဲ့ထွက်ပေါ်နေပြီး သူ့ရဲ့နာကျင်နေတဲ့အကြောင်းအရာအားလုံးကို ဖုံးကွယ်သွားသလို။ ဒါပေမယ့်လဲ သစ္စာဖောက်မှုရဲ့ အသေးစိတ်အချက်အလက်အကုန်လုံးကိုမူ Elinor မမှတ်မိပေ။ နတ်ဘုရားရောင်ဝါသူ့ကိုယ်ထဲကထွက်ခွါသွားသည်နှင့်တပြိုင်နက်ထဲ နတ်ဘုရားပိုင်နက်နှင့် နတ်ဘုရားတွေအားလုံးက တဖြေးဖြေးသူ့မှတ်ဉာဏ်တွေထဲကနေ ပျောက်ကွယ်လာသည်။ ဒါပေမယ့် ဒါကသူနောက်ပိုင်းအဖြစ်ပျက်တွေကို မမှတ်မိတော့ဘူးလို့မဆိုလိုပါချေ။