ပုန်ကန်ထကြွဖို့ မွေးဖွားလာသူ
အပိုင်း ၂၁ ။ အမှိုက်ကြယ်
ဒုဆေးဌာနချုပ်၏မန်နေဂျာမှာ ပျာပျာသလဲ ဗလုံးဗထွေးပြောနေသံများကို ဟောလ်သေချာဂရုတစိုက်နားထောင်နေပြီးနောက် တိုတောင်းလှသည့်အဖြေစကားကို အားတင်းကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ငါသိပြီ”
တစ်ဖက်က ပြန်မဖြေသေးခင်မှာပဲ ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် သူ့ခေါင်းကို နောက်လှည့်လိုက်ကာ ဖြည်းညှင်းစွာ စကားစလိုက်သည်။
“ကဲ၊ ဒီတော့ မင်းဘာလုပ်ချင်တာလဲ?”
ဆက်သွယ်ရေးစက်ထဲတွင် သူတို့ပြောနေခဲ့ကြသည့် အဓိကလူမှာ သူ့ရှေ့မှောက်တွင် အရှင်လတ်လတ်ကြီးရှိနေခြင်းပင်။
ကောရှို့တစ်ယောက် မေးထောက်ကာထိုင်ရင်း သူ့အမေးစကားကို အချက်ကျကျ ပြန်ဖြေလာသည်။
“ကြည့်ရတာ ကျွန်တော် ပြဿနာတော်တော်ရှာခဲ့မိပုံပဲ”
ဟောလ်တစ်ယောက် သူ့မျက်လုံးကို မလှိမ့်မိစေရန် အတော်လေးထိန်းထားလိုက်ရသည်။
“မင်းဘယ်လိုထင်လဲ?”
ထိုမေးခွန်းအတွက် သေချာပေါက် အဖြေမလိုအပ်တာက သိသာပေသည်။
ကောရှို့ကတော့ ဟောလ်၏ထေ့ငေါ့သည့်အသံကို လျစ်လျူရှုထားပြီး ထိုင်ခုံပေါ်မှာ အသာခုန်ထလိုက်ကာ၊ “ကျွန်တော်ဘာလုပ်ချင်လဲ ခင်ဗျားသိပါတယ်။”
ဟောလ် သေချာပေါက် သိတာပေါ့။
စစ်သားတွေ၊ လက်နက်တွေ၊ တိုက်ယာဉ်တွေလေ။
သို့သော်လည်း သူသက်ပြင်းချကာ ခေါင်းအသာယမ်းပြလိုက်သည်။
“မင်းရဲ့လက်ရှိ ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဒုဆေးဌာနချုပ်ရဲ့ သီးသန့်ခန်းကမှ မင်းရှိနေသင့်တဲ့နေရာပဲ။ ကပ္ပတိန်သာ မင်းကိုပြန်လာရှာရင် ငါမင်းကို…”