ပုန်ကန်ထကြွဖို့မွေးဖွားလာသူအပိုင်း ၃၁ ။ Ragnarök*
သွေးလရောင်မကျရောက်လာမီ ကောရှို့ နိုးလာသည်။ ဂူအပြင်ဘက်တွင် အေးစက်ကာမှောင်မိုက်နေသောကောင်းကင်ကို ခံစားချက်မပါသည့် ဗလာမျက်ဝန်းများဖြင့်သာစိုက်ကြည့်နေသည်။ သူဘယ်လိုအိပ်ပျော်သွားလဲဆိုတာမမှတ်မိတော့။ ကောရှို့ ထလိုက်ပြီး သူ့လည်ပင်းပေါ်ကအရေပြားကိုစမ်းလိုက်ရာ အသက်ရှူသံတွေပါ အေးစက်သွားသည်။ အောက်မေးရိုးကနေ ညှပ်ရိုးထိ အရေပြားတလျှောက်ကို သဲစက္ကူကြမ်းဖြင့်ပွတ်တိုက်ထားသကဲ့သို့ပူလောင်နေပြီး အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် နာကျင်မှုကိုခံစားရနိုင်သည်။ သူ့လည်ပင်းသူစမ်းကြည့်လိုက်သည်။ ဒဏ်ရာလဲမရှိ။
"ဒါမှမဟုတ် သူအိပ်နေတုန်းမှာများ တစ်ခုခုနဲ့ပွတ်မိလို့လား?"
ကောရှို့ ဒီအကြောင်းကိုထပ်ပြီးရှည်ရှည်ဝေးဝေးမတွေးနိုင်ခင် အေးစက်ကာပြင်းထန်သည့်လေပြင်းက အလုံပိတ်လှိုဏ်ဂူထဲကို တိုးဝင်လာပြီး သူ့နဖူးနှင့်နားတစ်ဝိုက် ဆံပင်အဖျားနားတစ်ဝက်လောက်ကိုလေထဲလွင့်နေစေပြီး သူ့ရဲ့ချွန်ထက်သည့်မေးရိုးကိုပေါ်လွင်စေသည်။ သူကလက်ကိုချလိုက်ပြီး လေတိုက်ခတ်လာသည့်နေရာကို လှည့်ကြည့်လိုက်သည်။ မမြင်နိုင်တဲ့ ဆွဲငင်အားတစ်ခုဖြင့်အဆွဲခံလိုက်ရသလို ကောရှို့ ကမတ်တတ်ရပ်လိုက်ပြီး ဂူအဝင်ဝကိုဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူကအောက်ကိုငုံ့ကြည့်လိုက်တဲ့အခါမှာတော့ ဂူ၏အပြင်ဘက်တွင် တိတ်ဆိတ်မှုနှင့် များပြားလှသည့်အမှောင်ထုက ဖုံးလွှမ်းနေပြီး သူ့ခြေထောက်အောက်မှာရှိနေသည့် ကျောက်တုံးကြီးက အဆုံးစမဲ့မှောင်မိုက်နေသည့်ညတစ်ည၏ ကျွန်းတစ်ကျွန်းလိုပင် အခြားဘယ်အရာမှမရှိဘဲ လစ်လပ်နေသည့်ပင်လယ်ကဲ့သို့ အမှောင်စွမ်းအားတွေသာရှိသည်။ အမှောင်စွမ်းအင်များကအရင်ကထပ် ပိုမိုတောက်ပနေပုံရပြီး သိပ်သည်းထူထပ်နေသည့် စွမ်းအားများက တိတ်တဆိတ်လှိုင်းထလာကာ နက်ရှိုင်းကာမှောင်မဲနေသည့် မျက်နှာပြင်အောက်တွင် ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခု နိုးထလာပုံရလေသည်။