" လူနာက သတိမေ့နေလည်း သူ့ဦးနှောက်ကအလုပ်လုပ်နေမှာဖြစ်လို့ သူနဲ့ပက်သက်တဲ့အကြောင်းလေးတွေဖြစ်ဖြစ်၊ အတိတ်ကဖြစ်ရပ်တွေဖြစ်ဖြစ် ပြောပြပေးရင် ပိုပြီး အကျိုးရှိနိုင်တယ်လို့ ဒေါက်တာက မှာသွားပါတယ်"
" ဟုတ်ကဲ့ ဆရာမလေး အဲလိုလုပ်လိုက်ပါ့မယ်"
သတိမေ့နေသော လူနာ၏လက်ကိုကိုင်ထားပြီး လူနာကုတင်ဘေးမှာထိုင်နေတဲ့ အမျိုးသမီးတစ်ဦးက သူနာပြုဆရာမလေးကို လေးလေးစားစားပြောလိုက်သည်။
သူနာပြုဆရာမလေးထွက်သွားပြီးနောက်..
" ဩဂတ်စ် နင့်ကြည့်ရတာ တအားပင်ပန်းနေပြီ ခဏနားလိုက်ပါလား ပြီးမှ ပြောတာပေါ့နော် မြူ့ကို"
စောသက်ရာက ဩဂတ်စ်ရဲ့ပုခုံးကိုလှုပ်ကာ ပြောလိုက်သည်။
" နောက်မှနားတော့မယ် သူ့ကို ငါတို့ကြားကအဖြစ်အပျက်တွေပြန်ပြောပြရမယ် ဒါမှ သူသတိရချင်စိတ်ပိုဖြစ်လာမှာ အခုမေ့နေတာ နှစ်ပတ်ကျော်နေပြီ"
" ငါက မကြည့်ရက်လို့ပြောတာပါ သူငယ်ချင်းရယ် ဒီလိုလုပ် ငါအခုပြန်တော့မယ် ထမင်းဟင်းတွေကို မွန်နဲ့ပို့ခိုင်းလိုက်မယ် သေချာစားလိုက်သိလား"
" အေးပါ ကောင်းကောင်းပြန်"
စောသက်ရာကတော့ ဆေးရုံအခန်းကနေ ထွက်လာခဲ့တော့သည်။ အခန်းထဲတွင် လူနာနှင့် ဩဂတ်စ်မိုးတစ်ယောက်သာ ကျန်ခဲ့တော့သည်။
" ရာရာ..ဩဂတ်စ်က ဘာတဲ့လဲ"
သက်ရာ နောက်လှည့်ကြည့်လိုက်တော့ သူတို့သူငယ်ချင်း ဒေါက်တာနွေဆူးခက်အောင်၊
" သူ မြူ့ဘေးမှာပဲ ရှိနေတုန်း မြူ့ကိုစကားပြောပေးရမယ်တဲ့ မြူ့အခြေအနေကို နင်ဘယ်လိုမြင်လဲ နွေ ဆရာဝန်တစ်ယောက်အနေနဲ့"
" ကိုမာဝင်ပြီး သတိမေ့တာ ကြာမယ့်ပုံပါပဲ ရာရာ ဒါပေမယ့် ကံကောင်းရင်တော့ သတိမြန်မြန်ပြန်ရမှာပါ"
" ဩဂတ်စ်အတွက် စိတ်မကောင်းဘူး နွေ သူ့ခမျာက...."
" ငါတို့ သူ့ဘေးရှိနေမှာပဲကို"