ပြင်ဦးလွင် အိမ်တွင် ဩဂတ်စ်ရောက်နေသည်မှာ သုံးရက်ရှိလေပြီ။ လွင့်ကိုတော့ ဖုန်းနဲ့သာ ဆက်သွယ်ခွင့်ရလေသည်။ ဆေးသေချာလိမ်းဖို့တော့ အမြဲတမ်းမှာရလေသည်။
ဩဂတ်စ်တစ်ယောက်တည်း အခန်းထဲတွင် ဂစ်တာတီးနေလေသည်။
" ဩဂတ်စ် ....တံခါးဖွင့်ပေးဦး"
ဩဂတ်စ်တံခါးဖွင့်လိုက်သောအခါ ရောက်လာသည်က နွေဆူးခက်အောင်။
" နွေ ဘယ်လိုလုပ်ရောက်လာတာလဲ"
" ဖေဖေတို့က ခဏလာအနားယူတာလေ ဒါနဲ့ လာခဲ့ရင်း နင့်ဆီလာတာ အဆင်ပြေလား"
" ပြေပါတယ် နွေ ..."
" ဒါဆို မပြေဘူးပဲ နင်ဘာဖြစ်နေလဲ"
" ငါ့အကြောင်းကိုတော်တော်သိနေတာပဲ ပြောပြမယ် နွေ ငါရွှေဓားလွင်ဆိုတဲ့ ဘိုးတော်ကို ပညာပေးချင်တာ ဘယ်လိုလုပ်ရမလဲလို့လေ"
" ရွှေဓားလွင်...မဟုတ်မှလွဲရော နာမည်ကြီးသူဌေးမလား"
" ဟုတ်တယ် သူပဲ သူက လွင့်ဦးလေး လွင့်ကို ငါးဘာသာပါလို့တဲ့ ခါးပတ်နဲ့ရိုက်တာ ဝမ်းသာရမှာကို ရိုက်တာတဲ့ကွာ ငါဒင်းကို တစ်ခုခုလုပ်ချင်တယ်"
" နင်ဘာလုပ်ချင်လဲ ငါကူမယ်လေ ငါဒီရက်ပိုင်း ပြဿနာမရှာရတာကြာပြီ"
" ငါတို့၂ယောက်ပဲလုပ်ရအောင် ကျန်တဲ့လူတွေမသိစေနဲ့"
" ဒီမှာလည်း ၂ယောက်တည်းရှိတာ ကျန်တဲ့သုံးကောင်က မန်းလေးမှာ"
" ဟုတ်သား ...တစ်ခုခုတော့လုပ်မယ် ရွှေဓားလွင်ကို အခြေအနေအပေါ်မူတည်ပြီး လုပ်မယ်"
" ဒီတော့ ပထမဆုံး သူ့အလုပ်တွေစောင့်ကြည့်ပေါ့ဟ"
" သူ့လိမ္မော်ခြံကိုစောင့်ကြည့်ရမယ်"
" ဟုတ်တယ် ဩဂတ်စ် ဒါပေမယ့် အဲ့ဘိုးတော် ဥပဒေနဲ့မကင်းတာတွေလည်းလုပ်တယ်ရော်"
" ပါးပါးနပ်နပ်ဖြစ်အောင် လုပ်ရမှာပေါ့ သူတို့ထက် အကွက်ကြိုမြင်ရမှာ"
ဩဂတ်စ်နဲ့ နွေတို့ နေ့တိုင်းလိုလို စက်ဘီးတစ်စီးဖြင့် လိမ္မော်ခြံကို ပတ်ကြည့်ကြသည်။ အခြေအနေကိုလည်း အကဲခတ်ကြည့်ကြလေသည်။ သို့သော် လိမ္မော်ခြံထဲတွင် လိမ္မော်သီးသယ်သည့်ကားများကလွဲလျှင်ကျန်သည့်ကားအသွားအလာက စိုးစဉ်းမျှမရှိ။ ဘယ်အချိန်ဆို ဘယ်ကားထွက်မည်ဆိုတာပင်ကြိုသိနေလေပြီ။