" ကျောင်းပိတ်ရက်ကနက်ဖြန်ဆိုတော့ လွင် ဘာလုပ်မလဲ"
ကျောင်းစလစ်ပြင်ပေါ်တွင် စာဖတ်နေသော ဩဂတ်စ်က လွင့်ကိုမေးလိုက်သည်။
" အိမ်မှာ စာအုပ်ပဲဖတ်မှာလေ ဒီနေ့ စာအုပ်တွေအများကြီးငှါးသွားမယ်"
" လွင် စာအုပ်ဖတ်တာရော၊ဘတ်စကတ်ဘောကစားတာရော တော်တော်ကြိုက်တယ်နော်"
" တကယ်က ဘတ်စကတ်ဘောကစားတာပဲကြိုက်တာ စာဖတ်တာက ဒီတိုင်းလုပ်စရာမရှိလို့ ဒါနဲ့ မိုးရော ကျောင်းပိတ်ရက်ဘာလုပ်မှာလဲ"
" ဖေဖေတို့ဆီပြန်ရမှာလေ ပြီးတော့ ရာရာတို့သူငယ်ချင်းတွေနဲ့လည်းကစားမှာ"
" မိုးကကံကောင်းတယ် မိုးဘဝကပျော်စရာကြီး တို့တွေဆို အကိုကအဝေးကြီးမှာ မတွေ့ရဘူး"
" ဟာ...လွင်ကကံကောင်းတာ"
" ဘာဆိုင်လို့"
" ဆိုင်တယ်လေ လွင့်ဘေးမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ဩဂတ်စ်မိုးက ဘေးမှာရှိနေတာ ကံကောင်းတာပေါ့"
" ဟုတ်မှာပါ"
နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြသည်။
အိမ်သို့ပြန်ရောက်သော်
" ဟိုအမြွှာနှစ်ကောင် အထုပ်တွေသေချာတင်၊ ပစ္စည်းတွေပါမပါစစ်"
ဦးဝေဖြိုးအသံကတက်ကြွနေသည်။ သောကြာနေ့ညနေကတည်းက ကလေးသုံးကောင်ကို ပြင်ဦးလွင်ပို့ပြီးရင်သူ့တာဝန်ပြီးပြီ။ ကျန်တဲ့၂ရက်ကို ပျော်ပျော်ကြီးဖြတ်သန်းရတော့မည်။
ဩဂတ်စ်မိုးနဲ့ဇူလိုင်ကတော့ ဆင်တူအင်္ကျီများဝတ်ထားသည်။ ကိုကိုက ကားရှေ့ခန်းတွင် ဦးလေးနှင့်ထိုင်သည်။ အမြွှာနှစ်ယောက်ကနောက်တွင် မုန့်စားလျက်လိုက်လာသည်။
ကားလမ်းတစ်လျှောက်လုံး သစ်ပင်ပန်းပင်များကစိမ်းစိုလျက်၊ မန္တလေးရှုခင်းနှင့်ကွဲပြားသည်။၁နာရီခွဲခန့်မောင်းပြီးသော် "မိုး"ကော်ဖီလုပ်ငန်းဟုဆိုင်းဘုတ်တပ်ထားသည့် ခြံရှေ့သို့ရောက်လာခဲ့သည်။ ဦးဝေဖြိုးက ကားဟွန်းတီးလိုက်သောအခါ ခြံရှေ့ပိုင်းတွင် အလုပ်လုပ်နေသော ဦးလေးကြီးတစ်ယောက်ကတံခါးလာဖွင့်ပေးသည်။