ဒီနေ့တော့ ဩဂတ်စ်နဲ့လွင်တို့ နှစ်ယောက်သား ဩဂတ်စ်တို့အိမ်သို့အလည်လာခဲ့ကြသည်။ လကွယ်ဥပုသ်လည်းဖြစ်သဖြင့် အိမ်တွင် လူအပြည့်၊ ဩဂတ်စ်တို့အတွဲအပြင် ကိုကိုတို့ အတွဲကလည်းရောက်နေသည်။ ဇူလိုင်ကတော့ ထုံးစံအတိုင်း တစ်ယောက်တည်းသမား။ ဘွားဘွားကြီးကတော့ လူစုံနေသဖြင့် ပျော်နေသည်။ တစ်နေကုန် ဘွားဘွားတို့အိမ်တွင် ထမင်းဟင်းများ ချက်ပြုတ်စားကြသည်။ အန်ကယ်လောင်ဝမ်ပါ ရောက်လာသဖြင့် လူကပိုမြိုင်သွားလေတော့သည်။
" ငါကလေ နိုဝင်ဘာကမွေးတဲ့ မြစ်ကလေး အရင်ချီရမယ်မှတ်တာ၊ ဩဂတ်စ်ဆီကနေ အရင်ချီရတော့မှာ"
ဘွားဘွားက ထိုင်လျက် ပြုံးပြုံးကြီးပြောနေသည်။ လွင်ကတော့ မျက်နှာရဲလျက်။
" ကိုယ့်ဘာသာ ၂ယောက်တည်း အခန်းနဲ့မနေပါနဲ့တော့ ...ကိုယ်ဝန်နဲ့ကို စောင့်ရှောက်လို့ရအောင် ဒီမှာနေကြပါလား မြေးရယ်"
ဘွားဘွားက ဩဂတ်စ်လက်ကလေးကိုကိုင်လျက် ပြောနေသည်။ ဩဂတ်စ်လွင့်ကိုကြည့်တော့ လွင်ကလည်း ခေါင်းငြိမ့်ပြသည်။
" မြေးတို့ မွေးတဲ့အထိ ဒီမှာပဲနေလိုက်မယ်နော် နောက်မှ ဘွားဘွားတို့နဲ့နီးတဲ့ခြံလေးဝယ်လိုက်မယ်"
" ကောင်းတယ် ကောင်းတယ် ...ဒါနဲ့ မြူလေးက ကျောင်းဆက်တက်မှာလား ကိုယ်ဝန်ကြီးနဲ့"
" နောက်ဆုံးနှစ်မိို့တက်လိုက်မယ် ဘွားဘွား ဩဂတ်စ်ကလည်း အပို့အကြိုလုပ်ပေးမယ်ဆိုလို့ ပြီးတော့ ကျောင်းမှာလည်း စုလှိုင်တို့၊နွေတို့က ဂရုစိုက်ပေးပါတယ်"
" ဒီလိုဆိုလည်း တက်ပါ၊ ချဉ်ခြင်းတက်တာတွေဖြစ်သေးလား"
" ဘွားကလည်း တစ်လခွဲပဲရှိသေးတာကို"
"ဟုတ်ပါ့"
ကိုကို့ရဲ့ဇနီးလောင်းဖြစ်သူ မမဖြူစင်လွန်းကလည်း ဩဂတ်စ်တို့အသေးလေးအတွက် ခြေအိတ်အဖြူလေးနှစ်စုံ ထိုးပေးထားတာကို လက်ဆောင်လာပေးသည်။ ကိုကိုကလည်း အရင်ရည်းစားဟောင်းမေဘယ်လ်နှင့်ပြတ်ကတည်းက ပွေသွားလိုက်တာ ဒီတစ်ယောက်နှင့်ကျမှ အတည်လက်ထပ်သည်အထိ ဖြစ်လာခဲ့သည်။