"ဖေဖေအလုပ်တွေကို ရုံးပြန်ပြီးသေချာလွှဲပေးလိုက်အုံးမယ်၊ အဲ့တာပြီးတာနဲ့တစ်ခါတည်းပြန်လာခဲ့မယ်"
"ကိုကြီးလဲ အပြင်သွားပြီးအားရှိမဲ့အစားအစာတွေသွားဝယ်လိုက်မယ်၊ မိုးထက်တစ်ယောက်ထဲနေခဲ့ဖို့ဖြစ်တယ်မလား"
"ဖြစ်ပါတယ် ကိုကြီးရာ သွားစရာရှိတာသွား၊ ဖေဖေလဲနောက်ဆံမတင်းနဲ့ ကောင်လေးကဆေးလဲထိုးထားပြီးပြီမို့ခနနေရင်သက်သာလာတော့မှာပါ၊ မေမေ့ကိုလဲအကြောင်းကြားထားတယ်မလား"
ဖေဖေနဲ့ကိုကြီးကစိတ်ချသွားသလိုခေါင်းညိတ်သည်။ ဖေဖေကအလုပ်တွေပစ်ပြီးအိမ်ပြန်လာခဲ့တာမို့ပြန်သွားရမည်။ ကိုကြီးကတော့အဝယ်တော်အဖြစ်တာဝန်ယူလိမ့်မည်။ မေမေ့ကိုတော့ ဖေဖေကလှမ်းအကြောင်းကြားထားတာမို့ ညနေစောင်းရင်ပြန်ရောက်လိမ့်မည်။ ဇေယျာကတော့ကောင်လေးကိုစောင့်ကြည့်ရင်းအိမ်မှာနေခဲ့ရမည်။
အိမ်ထဲမှထွက်သွားသည့်ကားနှစ်စီး၏အသံကိုနားစွင့်ကာ အိမ်ပေါ်ပြန်တက်ခဲ့သည်။ ကောင်လေးတစ်ယောက်ထဲအထီးကျန်နေမှဖြင့်။ အိမ်ပေါ်ကိုလက်ဗလာနှင့်တက်တော့မသွားပါ။ ဆန်ပြုတ်နဲ့သောက်ရမည့်ဆေးတွေကိုဗန်းတစ်ခုနှင့်ထည့်ကာသယ်သွားလိုက်သည်။
"ကိုယ်ဝင်လာပြီ" အသံပြုလို့အခန်းထဲဝင်ခြင်းဖြင့် ကောင်လေးကိုစိတ်လုံခြုံမှုပေးမိသည်။ ငြိမ်းချမ်းစွာအိပ်နေသည့်ကလေးငယ်ကတော့ သိလိမ့်မယ်မထင်။
"ဖေဖေ မသွားပါနဲ့ မေမေလဲမသွားပါနဲ့၊ မသွားကြပါနဲ့ အီးဟီး သားကိုထားမသွားကြပါနဲ့"
အိပ်မက်ဆိုးများမက်သည်ထင်၊ ခုနကငြိမ်းချမ်းစွာအိပ်စက်နေသည့်ကလေးသည်မျက်ရည်များတစ်ဖန်စိုရွှဲလာပြန်သည်။ ဇေယျာ လက်ထဲမှဗန်းကိုစားပွဲပေါ်တွင်ချကာ ကောင်လေးဆီသွားလိုက်သည်။ တုန်နေသည့်ကောင်လေးရဲ့လက်များကိုဆုပ်ကိုင်လိုက်တော့ ပူနွေးနေပြန်သည်။
"ကောင်လေး ဘာမှမဖြစ်ဘူး၊ အိပ်မက်ဆိုးမက်နေတာ ဖေဖေရောမေမေရောပြန်လာမှာနော်၊ ကောင်လေးဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်"
ကောင်လေးကစိတ်ချသွားသလိုပြန်တည်ငြိမ်သွားပြန်သည်။ သူ့လက်ကိုတော့မလွှတ်ပေးတော့ချေ။ ဇေယျာ ကောင်လေးဘေးမှာထိုင်နေလိုက်ကာ စိတ်လုံခြုံမှုပေးရန်အတွက် သူရှိနေကြောင်းဘေးမှပြောနေမိတော့သည်။
YOU ARE READING
လှိုင်းသက်ရာဆင်း
Romanceဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... ဗေဒါပမာ လမ်းတစ်လျှောက် လှိုင်းတွေကြမ်းလဲ အပြုံးတောက်... 21.1.2024(Sun)