>> Unicode <<
________________" ဩဂတ်စ်ဧဿန် ! "
အပ်ကျသံပင်မကြားရသောအိမ်ထဲမှာ အဖေဖြစ်သူရဲ့အသံဟာ ဟိန်းလို့နေသည်။ ဩဂတ်စ်ကတော့ ခေါင်းငိုက်စိုက်ရင်း အပြစ်ရှိသူလိုငြိမ်ကုပ်နေရှာ၏။ ထိုသို့ငြိမ်နေလေ ဖခင်ရဲ့ဒေါသကို ဆွသလိုဖြစ်လေပဲဆိုတာ ဩဂတ်စ်သိသော်လည်း ဘာမှမတတ်နိုင်။ သူ့မှာပြောစရာစကားမရှိပေ။
" မင်းအအ,ကြီးလို ရေငုံနှုတ်ပိတ်နေလို့မရဘူးကွ ! ရေရာတာတစ်ခုခုပြောပြီး ငါတို့ကိုရှင်းပြစမ်း "
" ကျွန်တော်မသိဘူးဆိုတာကလွဲပြီး ဘာမှပြောစရာမရှိဘူး ဒယ်ဒီ "
" မင်းကွာ ! "
သားဖြစ်သူကို အားမလိုအားမရဖြစ်သည့်အငွေ့သက်များနှင့် ဒေါသတို့လွှမ်းကာ ဦးနေသန်ရဲ့မျက်နှာကစွေးစွေးနီလျက်။ ဒေါ်ဇီဇဝါလည်း သားကိုကြည့်ကာ စိတ်မချမ်းမသာဖြင့်သက်ပြင်းတချချ။ လူပြောစရာမဖြစ်ရလေအောင် ဂုဏ်သိက္ခာဆိုတာကိုဦးခိုက်ပြီးနေလာခဲ့တဲ့ သူ(မ)တို့မိသားရဲ့ကံတရားမှာ ဘယ်အချိန်ကစပြီး အနှောင့်ယှက်ကဝင်ရသလဲဆိုတာကို မတွေးနိုင်တော့ပေ။
" အခုချိန်မှ ရှင်းပြခိုင်းလည်း ရှင်းတာပဲရှိမှာပေါ့အကို၊ ဖြစ်တာကဖြစ်ပြီးသွားပြီ၊ မေ့စကားကိုသာ နည်းနည်းစဉ်းစားကြည့် "
မာမီကတော့ ဒယ်ဒီ့ကိုပြောခြင်းပေ။ ကြားနေရတဲ့ဩဂတ်စ်က မာမီ့စကားအဆုံးမှာ အစွမ်းကုန်မျက်မှောင်ကြုတ်၏။
" လက်ထပ်ဖို့လား၊ မဖြစ်နိုင်ဘူးနော် မာမီ.. သူတို့လိုချင်တာ ကျွန်တော့်ကိုမဟုတ်မှန်း မာမီလည်းသိသားပဲ "
" တိတ်စမ်း ဩဂတ်စ် ! မင်းငါတို့ကိုလာပြီး ကလန်ကဆန်လုပ်မယ်မကြံနဲ့၊ သူတို့လိုချင်တဲ့ငွေပမာဏက မင်းတစ်ကိုယ်လုံးတစ်စစီဖြုတ်ပြီးရောင်းရင်တောင် မရဘူး ! "
ထိုအခါမှ ဩဂတ်စ်လည်းပြန်ငြိမ်နေလိုက်ရသည်။ ဩဂတ်စ်ဧဿန်တို့က မျိုးရိုးစဉ်းဆက်ချမ်းသာလာတဲ့ အသိုင်းဝိုင်းဖြစ်သော်လည်း အားလုံးကအဘွားရဲ့လက်အောက်မှာရှိသည်။ လတ်တလောဖြစ်ပွားခဲ့တဲ့ကိစ္စအရပ်ရပ်ကြောင့် အဘွားကလည်း ဩဂတ်စ်တို့မိသားစုကို စိတ်ခုသွားလေ၏။ ထို့ကြောင့် သိန်းပေါင်းထောင်ချီတဲ့ငွေပမာဏကို ရက်ပိုင်းအတွင်းပေးနိုင်ဖို့က ထင်သလောက်မလွယ်ကူချေ။