>> Unicode <<
~~~~~~~~~~~~ဩဂတ်စ်ဧဿန် ပြန်ရောက်ရောက်ချင်းပဲ စောင့်ကြိုနေတဲ့ပြဿနာတွေကြောင့် အမောလည်းမပြေနိုင်ပေ။ ဒယ်ဒီအပြင်သွားနေချိန်ဖြစ်ပြီး မာမီက ဖြစ်ကြောင်းကုန်စင်ပြောပြလာသည်။
" မာမီပြောတာကိုနားထောင်၊ သားဒယ်ဒီလည်းအထင်မလွဲအောင် မာမီစီစဉ်သင့်တာ စီစဉ်ထားပြီးပြီ "
" မာမီက ဘာကိုစီစဉ်ထားတာလဲ "
" ရိုစီဆိုတဲ့ကောင်မလေးနဲ့ မာမီတွေ့ပြီးပြီ "
ဩဂတ်စ် အံ့သြသွားဟန် မျက်ခုံးပင့်မိသွား၏။ သူထင်ထားတာထက်ပင် မာမီကခြေလှမ်းတွေသွက်နေလွန်းသည်။
" ဘာအတွက်တွေ့တာလဲ မာမီ ၊ သူဘာတွေပြောသေးလဲ "
" ကောင်မလေးကတော့ သားရဲ့ကောင်မလေးလို့ပဲပြောတယ်လေ၊ အဲ့ဒါကရော တကယ်ပဲလား "
မာမီမေးတော့ ဩဂတ်စ် အနည်းငယ်အင်တင်တင်ဖြစ်သွားသည်။ ရိုစီက တိုင်းမြတ်မိတ်ဆက်ပေးတဲ့မိန်းကလေး။ အထူးသဖြင့် သံသာလင်းရိပ်ကိုစိတ်သောကပေးချင်လို့ ထွင်ခဲ့တဲ့ဇာတ်လမ်းပေ။ ရိုစီနှင့်သူ့ကြားမှာ ဘာမှအကန့်မှလည်းမရှိ။
ခရီးမသွားခင်ရက်က သူ(မ)ကို ကိုယ့်ဘက်ကအခြေနေနှင့် ကိုယ်ဖြစ်ချင်တာကိုပြောပြခဲ့ရုံ။ နောက်ပိုင်းမှာ ဩဂတ်စ်လည်း အဘွားနှင့်ခရီးသွားရတာကြောင့် သူ(မ)နှင့်အဆက်သွယ်မလုပ်ဖြစ်တော့။ အခုတော့ ဖြစ်လာရတဲ့ပြဿနာက ကိုယ့်ဇာတ်ကိုယ်မနိုင်သလိုမျိုး။
" အဲ့လိုလည်းမဟုတ်ပါဘူး မာမီ... ဒီလိုပဲ.. "
" ထားပါ၊ အိမ်အထိရောက်လာတော့ မင်းအမှားလိုဖြစ်သွားတာ ဒါပေမဲ့ မာမီအဲ့ဒီကောင်မလေးနဲ့တွေ့ပြီး အပြတ်ပြောခဲ့တယ်၊ သားကတော့ သူနဲ့ခဏလောက်မတွေ့ကြနဲ့ဦးပေါ့ "
သူနှင့်ရိုစီတို့ အမှန်တကယ်ပတ်သက်နေကြတယ်လို့ မာမီကထင်နေတဲ့ပုံ။ ဒါ့အပြင် အနည်းငယ်လေးတောင်အပြစ်မပြောသလို တားလည်းမတား။
" မာမီနဲ့သူဘာတွေပြောခဲ့တာလဲ "
" သားကိုတမင်အရှက်ခွဲချင်လို့ သံသာလင်းရိပ်ကလုပ်တယ်ဆိုပြီးပြောဖို့ "