>> Unicode <<
~~~~~~~~~~~~ဒယ်ဒီတို့မရှိတဲ့အိမ်ဟာ တိတ်ဆိတ်ခြောက်ကပ်နေ၏။ ဒယ်ဒီတို့ရှိနေချိန်နှင့်လည်း သိပ်တော့မကွာပေ။ အေးအေးဆေးဆေးနေရတာ သဘောကျတဲ့ဩဂတ်စ်အတွက်ကတော့ ပျင်းစရာမဟုတ်။
အလုပ်တွေကို PA နှင့်လွှဲထားလေ့ရှိတာကြောင့် အရေးတကြီးကိစ္စမရှိတဲ့အချိန်ဆိုလျှင် ဩဂတ်စ်ကအိမ်မှာပဲအနေများသည်။ အရင်ကတော့ အိမ်ဟာ သူ့အတွက် အနားယူဖို့အကောင်းဆုံးနေရာဖြစ်သော်ငြား သံသာလင်းရိပ်ရောက်လာပြီးနောက်မှ ပြောင်းလဲသွား၏။
" ကိုကို ငါသွားတော့မယ် "
ကျော့ရှင်းနေအောင်ပြင်ဆင်ထားတဲ့ တိုင်းမြတ်ဝဿန်က ကားသော့လေးတရမ်းရမ်း။ ဩဂတ်စ်မေးဆတ်ပြလိုက်ပေမဲ့ သူက သွားစရာရှိတာမသွားသေး။ မျက်လုံးများက အပေါ်ထပ်ကိုဝေ့ဝဲကြည့်ပြီး ဆိုသည်။
" နှစ်ယောက်တည်းဆိုပြီး သောင်းကျန်းမနေနဲ့ဦး "
တိုင်းမြတ်ပြောမှ ဩဂတ်စ် မျက်မှောင်ကြုတ်သွား၏။ တည်ကြည်နေတဲ့မျက်နှာက ချက်ချင်းဆိုသလိုမှောင်ကုပ်သွားကာ ခပ်ဆတ်ဆတ်ပြန်ပြောလေသည်။
" ငါမူးနေလို့.. ဒေါသလည်းထွက်နေတာနဲ့ စိတ်ရှုပ်ပြီးမတော်တဆဖြစ်သွားတာ "
နားထောင်နေသည့်တိုင်းမြတ်မှာ မျက်ခုံးလေးအသာပင့်၏။
" ငါက ရန်မဖြစ်နဲ့လို့ပြောတာ.. "
" .... "
" မင်းကဘာကိုပြောတာလဲ "
" ဘာမှမဟုတ်ဘူး "
" အယ်.. အယ် "
" မင်းအပြင်သွားမှာမလား၊ သွားတော့လေ "
တိုင်းမြတ်ဝဿန်တို့ ရယ်သံပြုရင်းထွက်သွားမှ ကျန်ခဲ့သည့်ဩဂတ်စ်မှာ သက်ပြင်းရှိုက်၏။ သံသာလင်းရိပ်နှင့်ပတ်သက်သမျှက ကောင်းကျိုးကိုမရှိ။ မနေ့ညကအဖြစ်ပျက်တချို့ကိုပြန်တွေးမိရင် စိတ်ထဲမှာထင့်နေဆဲ။ တကယ်ဆို သူတို့ကြားမှာ ဘာမှလည်းမဖြစ်ခဲ့ဘဲ။ ဒါကြောင့် သံသာလင်းရိပ်ဘက်ကငြင်းဆန်မယ်အထင်နှင့် သူ့ဘက်ကစခဲ့ခြင်းဖြစ်သည်။
သံသာလင်းရိပ်က ဘာလို့ဒီလောက်လွယ်နေတာလဲ !?
ဖြစ်နိုင်တာက ၂ ချက်ရှိမယ်။ သံသာလင်းရိပ်က ကိုယ့်ကိုအရမ်းကြွေနေတာ မဟုတ်ရင်တော့ မချစ်မနှစ်သက်တဲ့သူကို အလွယ်လေးလက်ခံရတဲ့အထိ သူ့ကိုယ်သူနှိမ့်ချထားတာ။ ရှင်းရှင်းပြောရရင်တော့ ကိုယ်နဲ့မတွေ့ခင်တည်းက ပေါပေါပဲပဲနေတာမျိုး။ ဒါတွေတစ်ခုမှမဟုတ်ရင်တော့ ဘာဖြစ်နိုင်ဦးမလဲ။