>> Unicode <<
~~~~~~~~~~~~ရုတ်တရက် ကားကိုဘရိတ်ဆောင့်အုပ်လိုက်ရာ ခါးပတ်ပတ်မထားသည့် လင်းရိပ်ရဲ့ကိုယ်က ရှေ့ကိုပင်ငိုက်ကျသွား၏။ ပြန်ထိန်းပြီး ဘေးကလူကို လှည့်ကြည့်တော့ သူဟာ လင်းရိပ်၏လက်ကောက်ဝတ်တစ်ဖက်ကို အားနှင့်ဖမ်းဆုပ်ကိုင်ပြီး...
" မင်းဘာလုပ်တာလဲ !! "
" ငါကမေးရမှာ ! မင်းငါ့ကိုဘာအချိုးချိုးတာလဲ "
ဩဂတ်စ်ဧဿန်ရဲ့မျက်နှာပေါ်မှ ခက်ထန်မှုများက သူ့ဒေါသရဲ့သက်သေပင်။ ဒါတောင် သူကတစ်ချက်ကလေးအရိုက်ခံရသည်။ သူ့အပေါင်းသင်းဆီမှာ ဆွဲလားရမ်းလားအလုပ်ခံခဲ့ရတဲ့ လင်းရိပ်က ပိုတောင်အမျက်ထွက်ရသေး၏။
" မင်းငါ့အသားကိုရိုက်စရာ ဘာအကြောင်းမှမရှိဘူးနော် သံသာလင်းရိပ် ! "
" မင်းလည်း ငါ့ကို ကုန်ပစ္စည်းတစ်ခုလိုပေးပစ်စရာ စောက်ကြောင်းမရှိဘူး ! "
ဩဂတ်စ်ရဲ့တောက်ခေါက်သံကပင် ဒေါသကြောင့်တုန်ယင်နေသယောင်။ ဆုပ်ကိုင်ထားတဲ့ လင်းရိပ်ရဲ့လက်ကောက်ဝတ်ကို ဆောင့်လွှတ်ပေးတော့ နီရဲနေတဲ့လက်ချောင်းရာများက အထင်းသား။ လင်းရိပ်လည်း အတော်လေးစိတ်တိုရ၍ လက်တွေပါတဆတ်ဆတ်တုန်သည်အထိ။
သဘောကျတာသိပေမဲ့ ဒီလောက်ထိဆိုးရွားတဲ့အကြံမျိုး ဩဂတ်စ်မှာရှိနေမယ်လို့ မထင်ထားခဲ့တာအမှန်။ ရှေ့လျှောက် အဆင်ပြေနေဖို့တောင် မျှော်လင့်ထားတာ။ ကိုယ့်ဘက်ကအမှားတွေကို ဝန်ချရှင်းပြရင်းလေ..။ ဇာတ်လမ်းဟာ အစမှမကောင်းရင် ဘယ်လိုများအဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားစရာ။
" နောက်တစ်ခါလက်ပါရင် ငါသည်းခံနေမှာမဟုတ်ဘူး "
" ဒါဆို မင်းဘက်ကအချိုးပြေပြေနေလေ၊ ထမင်းစားပြီးကြီးတဲ့လူဆိုရင် ဒီကိစ္စမှာ ဘယ်သူလွန်လဲဆိုတာ မင်းတွေးတတ်မှာပေါ့ "
" ငါတမင်လုပ်တာမဟုတ်ဘူး ! မူးပြီးပြောလိုက်မိတာ ကျစ် ! "
" မူးတိုင်း ပရမ်းပတာပြောစရာလား၊ မူးတဲ့လူတိုင်း အသိစိတ်မပျောက်ဘူး နားလည်လား၊ မူးနေတုန်း အီးစားဆိုရင် မင်းစားမလား "