>> Unicode <<
~~~~~~~~~~~~" အန်ကယ် အပြင်သွားမလို့လား "
လင်းရိပ်မေးလိုက်တော့ ဦးနေသန်ဟာ wallet ကိုခါးကြားထဲမှာသိမ်းနေရင်း လှည့်ကြည့်သည်။ ထို့နောက် မျက်နှာထားတည်တည်ဖြင့်သာ တုံ့ပြန်ပါ၏။
" အေး "
" ကျွန်တော်လမ်းထိပ်အထိလိုက်လို့ရမလား၊ taxi ဂိတ်ကိုလေ "
ခြေကျင်းဝတ်မှပတ်တီးဖြူဖြူကလေးပေါ်အောင် စတိုင်ပန့်ကိုမသိမသာလေးမ,လိုက်၏။ ဦးနေသန်ဟာ ခေတ္တခဏတော့တိတ်နေပြီးမှ “ လိုက်ပေါ့ ” ဆိုကာ အိမ်ရှေ့ထွက်သွားလေသည်။ ခိုးကြောင်ခိုးဝှက်ချောင်းနေတဲ့ လှေကားထိပ်မှကေဇင့်ကိုတော့ လင်းရိပ်လည်း မမြင်ဟန်ဆောင်ပေးထားလိုက်သည်။
ထော့နဲ့နဲ့ဖြင့် ဦးနေသန်ရဲ့ကားပေါ်တက်လာချိန်မှာ အမွှေးနံ့တစ်ခုက မွှန်ထူနေ၏။ Driver seat ရဲ့အနောက်မှာဖြစ်၍ မှန်ထဲကနေ ဦးနေသန်ကိုမြင်နေရသည်။ ကားကိုဂရုတစိုက်မောင်းနေသူရဲ့အကြည့်တွေဟာ လမ်းပေါ်မှာပဲရှိလေသည်။
ဘောင်းဘီအိတ်ကပ်ထဲထည့်လာတဲ့ကွန်ဒုံးထုပ်တွေကိုထုတ်ပြီး အောက်မှာပစ်ချထားလိုက်၏။ လမ်းထိပ်မှ Taxi ဂိတ်ကို သိပ်ကြာကြာမမောင်းလိုက်ရပေ။ လင်းရိပ်ကားပေါ်ကဆင်းချိန်မှာ ဦးနေသန်ကို ခပ်တည်တည်ရုပ်လေးဖြင့်ကြည့်ပြီး အဖြစ်သာနှုတ်ဆက်လိုက်သည်။ သူ့ရဲ့အမူရာမှာ သေချာပေါက် ဦးနေသန်လည်းစိတ်ထင့်နေပါလိမ့်မည်။
အခြေနေကတော့ ထူးသည်။ တစ်နေကုန်ဆိုင်ထိုင်ပြီး ညဘက် လင်းရိပ် ပြန်ရောက်ချိန်မှာ အိမ်မှာပွက်လောရိုက်နေခဲ့၏။ အိမ်ထဲမဝင်ခင်က ကြားနေရတဲ့အသံတွေဟာ လင်းရိပ်ရောက်သွားတာနှင့် ငြိမ်ကျသွားတာတိခနဲ။
" သံသာလင်းရိပ် ဒီကိုခဏလာဦး "
ဒေါ်ဇီဇဝါရဲ့ခေါ်သံဖြစ်သည်။ လင်းရိပ်လည်း ထိုင်နေတဲ့ဦးနေသန်ကိုမကြည့်ဘဲ ဒေါ်ဇီဇဝါအနားကိုရောက်သွား၏။
" နောက်တစ်ခါ နင်သွားချင်ရင် ကိုယ့်ဟာကိုယ်ကားငှားသွား၊ ငှားမရရင် လမ်းလျှောက်သွား၊ အကို့ကိုလိုက်ပို့ခိုင်းစရာမလိုဘူး၊ နင့်ဒရိုင်ဘာမဟုတ်ဘူး "