Part - 2

437 33 19
                                    

>> Unicode <<
~~~~~~~~~~~~

မင်္ဂလာပွဲအတွက် လိုအပ်သည့်အဝတ်စားများစီစဉ်ဖို့ရာ ဩဂတ်စ် စိတ်မပါလက်မပါထွက်လာရသည်။ ဘေးမှာ မာမီလည်းပါလာတာကြောင့် ပေါ့ပေါ့ပါးပါးဖြစ်ဟန်ဆောင်နေပါသော်လည်း မာမီကတော့ရိပ်မိနေ၏။

Wedding Dress သီးသန့်ရောင်းသောဆိုင်ထဲသို့ဝင်လာချိန်မှာ အရင်ဦးဆုံးခံစားလိုက်ရသည်က အေးစိမ့်နေတဲ့အဲကွန်းရဲ့လေထု။ သပ်ရပ်စွာချိတ်ဆွဲထားတဲ့အနောက်တိုင်းဝတ်စုံတွေမှာ အသီးသီးကြည့်ကောင်းနေသော်ငြား အလိုမကျသူရဲ့အမြင်မှာတော့ ထူးခြားမှုရှိမနေပေ။

" ရောက်လာပြီပေါ့ "

အနောက်ဘက်ကပျံ့လွင့်လာသည့်အသံ။ ဘယ်သူဘယ်ဝါဆိုတာ စဉ်းစားစရာမလိုအောင်သိနေပြီးသား။ လှည့်ကြည့်လိုက်ချိန်မှာတော့ အသံပိုင်ရှင်ဟာ အတောက်ပဆုံးပြုံးနေလေသည်။ ‌‌တစ်နေ့က တွေ့တဲ့အတိုင်း အဖြူရောင်စွပ်ကျယ် ( tink top ) နှင့် အောက်ကဂျင်းဘောင်းဘီတွဲဝတ်ထားပြီး အပေါ်ကဂျင်းကုပ်တစ်ထည်ထပ်ဝတ်ထားတာ ဆယ်ကျော်သက်လေးတစ်ယောက်လို။

ဒေါ်ဇီဇဝါကလည်း သားဖြစ်သူရဲ့ဘေးနားမှာရပ်ကာ သံသာလင်းရိပ်ကိုစေ့စေ့ကြည့်ပြီး..

" ရောက်နေတာကြာပြီလား "

" မကြာသေးပါဘူး၊ ကြည့်ထားတဲ့ဒီဇိုင်းရှိတယ်၊ ငါမင်းကိုပြမယ် လာ "

ဆိုပြီး လက်ကိုလာချိတ်တဲ့သူကြောင့် ဩဂတ်စ်လက်ပြန်ရုတ်လိုက်ရ၏။ နောက်မှာချန်ထားခဲ့ပြီးထွက်လာတော့ သံသာလင်းရိပ်လည်း ထပ်ကြပ်မကွာပါသည်။ အရပ်မောင်းချင်းမတိမ်းမယိမ်းရှိသော်လည်း ဩဂတ်စ်ကအနည်းငယ်ပိုရှည်ကာ သံသာလင်းရိပ်ရဲ့ခန္ဓာကိုယ်မှာ ပါးလျလျဖြစ်၏။ ထို့ကြောင့် လူကောင်သေးသလိုထင်ရသည်။

အဖြူရောင်နှင့် ခရမ်းရောင်ပန်းအခတ်အလတ်များရောယှက်ထားသည့် မင်္ဂလာဝတ်စုံကိုကြည့်ရင်း သံသာလင်းရိပ်က ပြုံးရွှင်နေသည်။ ဘယ်လိုဒီဇိုင်းဖြစ်ပါစေ ဩဂတ်စ်ကတော့စိတ်မဝင်စား။ ချစ်ခင်ကြည်ဖြူလွန်းလို့ ဖြစ်လာရတဲ့မင်္ဂလာပွဲမှမဟုတ်တာ..။

Be My August Where stories live. Discover now