>> Unicode <<
~~~~~~~~~~~~စက်ရုံမှာ ဝန်ထမ်းတချို့ပစ္စည်းခိုးထုတ်မှုဖြစ်သွားကြောင်းကြားပြီးနောက် ဩဂတ်စ်ခေါင်းပါကိုက်သွားသည်။ လုပ်ငန်းပါတနာများကလည်း ပြည်ပရောက်နေကြတာမို့ တစ်စုံတစ်ရာဖြစ်လာလျှင် ဩဂတ်စ်ကဦးဆောင်ဖြေရှင်းရသည်။
" ကိုဩဂတ်စ် သူတို့ရောက်ပြီ "
PA ကိုဥက္ကာက အခန်းဝမှအသိလှမ်းပေး၏။ ဩဂတ်စ် မေးဆတ်ပြလိုက်သည့်အခါ ကိုဥက္ကာကတံခါးဖွင့်ရင်း ဝန်ထမ်း ၅ ယောက်ကို အခန်းထဲဝင်ခိုင်းလေသည်။ အားလုံးက မျက်နှာငယ်ဖြင့် ခေါင်းတွေငုံ့ထားကြသည်။
" မင်းတို့ပဲလား၊ ဘယ်သူရှိသေးလဲ "
ဩဂတ်စ်မေးလိုက်ခြင်းပေ။ မော်မကြည့်ဘဲ ခေါင်းခါနေကြသည်။ လုပ်ချင်တိုင်းလုပ်ခဲ့ကြပြီး အခုမှကြောက်နေလိုက်ကြတာ။
" ငါအများကြီးမပြောချင်တော့ဘူး၊ မင်းတို့ရော.. ဘာများပြောချင်သေးလဲ "
" တောင်းပန်ပါတယ်ဗျ.. နောက်မဖြစ်စေရပါဘူး၊ ကျွန်တော်တို့ရဲ့လစာတွေထဲကဖြတ်လိုက်ပါဗျ "
" လစာလည်းမဖြတ်ဘူး၊ နောက်ထပ်လည်းဖြစ်ခွင့်မပေးတော့ဘူး၊ ငါမင်းတို့ကိုအလုပ်ထုတ်မှာ "
ထိုအခါမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ အထွန့်မတက်ရဲကြတော့လည်း ငြိမ်သာငြိမ်နေကြ၏။ တကယ်ဆို သူတို့အားလုံးကိုတရားစွဲလိုက်လို့တောင်ရတဲ့ကိစ္စ။ ဩဂတ်စ်က အများကြီးလျှော့ပေါ့ပြီးဆုံးဖြတ်လိုက်ခြင်းပေ။
" သူတို့ကို အဆောင်စီစဉ်ပေးထားတာလား ဥက္ကာ "
" ဟုတ်တယ်ကိုဩဂတ်စ်၊ သူတို့က နယ်ကလူတွေ "
" ဒီလဝက်အတွကလုပ်အားခထုတ်ပေးပြီး အဆောင်ကပါဖယ်ခိုင်းလိုက် "
" ဟုတ်ကဲ့၊ မင်းတို့တွေ ငါနဲ့လိုက်ခဲ့ကြ "
ကိုဥက္ကာဦးဆောင်ကာ ရုံးခန်းထဲမှထွက်သွားကြသည်။ ရှင်းစရာရှိတာရှင်းပြီးမှ ဩဂတ်စ်လည်း ထွက်လာခဲ့၏။ အပြန်မှာတော့ ညီဖြစ်သူချိန်းဆိုတဲ့စားသောက်ဆိုင်သို့ သူရောက်ဖြစ်သည်။ တကယ်တော့ ဩဂတ်စ်ကပြောစရာရှိတယ်ဆို၍ တိုင်းမြတ်က သူ့နေရာကိုလာခိုင်းခြင်းပေ။