2

1.2K 187 48
                                    


"အဲ့ဒီယန်းဂျောင်ဝန်း ?"

ဂျုံဆောင်းသည် လက်ညှိုးထိုးကာ တအံတသြရေရွတ်ပြီးသည့်နောက် အကြီးအကျယ်ပြောင်းလဲသွားသော ထိုကောင်လေး၏ပုံစံကို ခေါင်းစခြေဆုံးကြည့်လိုက်မိ၏။

အလယ်တန်းလောက်က ထိုကောင်လေးပုံစံက အတော့်ကို ဝဝဖြိုးဖြိုးလေးရှိလှ၍ မျက်နှာကျကို မမြင်ရလောက်အောင် အားလုံးက လုံးဝန်းဖောင်းကားနေခဲ့သည်။

ပြီးတော့ ဆံပင်များကလည်း ယခုကဲ့သို့ ဖြောင့်စင်းကာ ရွဲရွဲလေးအုပ်ကျနေခြင်းမျိုးမဟုတ်ပါ။

တွန့်လိမ်ကောက်ကွေးနေကာ နဖူးပေါ်အပုံလိုက်ကျနေတတ်၏။

ထို့ပြင်တပ်ထားသောမျက်မှန်ထူထူနှင့် အနည်းငယ်ကချော်ကနဲ့နိုင်သော အပြုအမူများကြောင့် ပြောရလျှင် အနိုင်ကျင့်ချင်စရာ ပစ်မှတ်ကောင်းလေးဖြစ်ခဲ့သည်။

ဂျုံဆောင်းဝန်ခံပါ၏။

သူက ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်တွင် လူကောင်းသူကောင်း တစ်ယောက်တော့ မဟုတ်ခဲ့ပါ။

ထိုကောင်လေး၏ မျက်မှန်ကိုလည်း လု၍ မမှီနိုင်သော စာအုပ်စင်အပေါ်တွင် တင်ထားဖူးခဲ့သလို ကျောပိုးအိတ်ဇစ်ကို နောက်မှလိုက်ဖွင့်သည်မျိုး ဝယ်လာသော banana milk ဘူးကိုကြားမှဖြတ်၍ လုသောက်သည်မျိုးရော Bus မမှီအောင် တမင်ရှေ့မှပိတ်၍ သွားခွင့်မပြုသည်မျိုးကို အပျော်သဘောအနေနှင့် လုပ်ဆောင်ခဲ့ဖူးပါသည်။

ပြန်တွေးကြည့်လျှင်တောင် အူမြူးလာရသည်မို့ ဂျုံဆောင်းတစ်ချက်တော့ ဟက်ခနဲ မျက်နှာလွှဲကာ ရယ်မိသွားရ၏။

" အေးပါ.. မတွေ့ရတာလည်း တော်တော်ကြာတော့ မင်းလည်းတကယ်ကြီးကို ပြောင်းလဲသွားတာပဲ.. ဆံပင်တွေရော "

ဂျုံဆောင်း သူ့ဆံပင်များကိုသူ လက်ညှိုးနှင့်ထိုးပြရင်း ပြေပြေလည်လည်ဖြစ်စေရန် အရယ်တစ်ဝက်နှင့်ပြောလိုက်သည်။

သို့သော် ထိုကောင်လေးဘက်ကတော့ သိပ်စိတ်ပါပုံမရဘဲ ဝတ်ကျေတမ်းကျေပုံစံနှင့်သာ မျက်နှာကြောခပ်တည်တည်နှင့် ခေါင်းညိတ်ပြလေ၏။

Roomie Boyfie Where stories live. Discover now