" အစားအသောက်ကိုလည်း သေချာဂရုစိုက်နော်.. ကြားလား.. မတည့်တာတွေလည်း စားမနေနဲ့ဦး.. ဆရာဝန်ရှောင်ဖို့ ပြောထားတာတွေကိုလည်း သေချာပေါက်ရှောင် "" သိပါပြီဆို မမကလည်း "
ဆေးရုံဆင်း၍ အဆောင်သို့ပြန်ရန် ပြင်နေချိန်အထိ အစ်မဖြစ်သူခမျာ ဆောနူကို မှာတမ်းခြွေ၍ မပြီးနိုင်ရှာသေးပေ။
ငယ်ငယ်ကပင် အိမ်တွင် အငယ်ဆုံး အသည်းဆုံးအနေနှင့် ပျိုးထောင်ခဲ့ရသည့်ကလေးမို့ ယခုထိ အရွယ်ရောက်ပြီဟု မမြင်နိုင်သေးဘဲ ပူပန်နေရခြင်းဖြစ်သည်။
ထို့ကြောင့် အမြင်သိပ်ကြည်ပေး၍ မရသေးသော်လည်း ဘေးတွင်ရပ်စောင့်ပေးနေသော မောင်ဖြစ်သူ၏ အခန်းဖော်တဖြစ်လဲ ရည်းစားအား အင်တင်တင်နှင့် တောင်းဆိုသမှုပြုလိုက်ရ၏။
" အဟမ်း... နည်းနည်းလောက် ဂရုစိုက်ပေးဦး ငါတို့ဆောနူကို "
ထိုအခါ ဆောင်ဟွန်းမှာ ကြည်ကြည်လင်လင် မျက်နှာထားလေးနှင့်သာ ရည်မွန်စွာ ခေါင်းညိတ်လျှက် ပြန်ဖြေပေးလိုက်သည်။
" ဟုတ်ကဲ့ စိတ်ချပါ..ဆောနူကို ကျွန်တော် သေချာလေး ကြည့်ရှုထားပေးပါ့မယ် "
ထိုအခါ ဆောနူမှာ အနည်းငယ် အားတုန့်အားနာဖြစ်နေသည့် မျက်နှာလေးနှင့်သာ မော့ကြည့်လိုက်ရရှာတော့၏။
________________
" မမကြောင့် အများကြီး နေရခက်သွားရင် ကျွန်တော်တောင်းပန်ပါတယ် "
ဆောင်ဟွန်းသည် ကားကိုသာ အာရုံစိုက်၍ ဂရုတစိုက်မောင်းနေရင်းမှ ထွက်ပေါ်လာသော ဖျော့တော့တော့အသံလေးကြောင့် ဘေးဘက်အား တစ်ချက်လှည့်ကြည့်မိလိုက်သည်။
ထိုအခါ အမှန်တကယ်ကို အားတုန့်အားနာဖြစ်နေသော မျက်ဝန်းလေးများနှင့် သူ့ကို ကြည့်နေသည့် ကောင်လေးအား တွေ့လိုက်ရ၏။
" နေရမခက်ပါဘူး "
ဆောင်ဟွန်း စိတ်ထဲမထားသည့် လေသံလေးဖြင့်သာ ပြန်ဖြေပေးလိုက်သော်လည်း ယခုထိ စိတ်ပေါ့ပါးသွားပုံမရသော ကောင်လေးက သူ့အတွေးနှင့်သူ သက်ပြင်းလေးချလာကာ ရှေ့ကိုပြန်ငေးသွားခဲ့သည်။