Roomie - 13
အပျော်ခရီး 2 ရက်ထွက်ပြီး၍ ပြန်ရောက်ချိန်တွင်မူ အတန်းချိန်များက ပုံမှန်အတိုင်းပင် ကျပ်သိပ်လျှက် ပြန်လည်စတင်လာကာ အတန်းလစ်ရန် အခြေအနေကိုလည်း သိပ်မပေးတော့ပေ။
အပျော်အပါးများအတွက် အချိန်ပေးပြီးနောက်တွင် ဂျောင်ဝန်း စည်းစနစ်ကျသော နေထိုင်မှုပုံစံကို ပြန်လည် အစီစဥ်ချရန် ပြင်မိ၏။
ထိုထဲတွင် အတန်းချိန်မှန်ရေး စာမှန်မှန်လုပ်ရေးနှင့်အတူ ခန္ဓာကိုယ်အား ကျန်းမာအောင် ထိန်းသိမ်းရေးတို့ပါ အားလုံးပါဝင်လေသည်။
ထိုအရာကပင် ယခုလိုသူ မနက်စောစော ထပြေးနေရသည့် အကြောင်းပြချက်ဖြစ်လေ၏။
________
မနက်ဝေလီဝေလင်း အချိန်သည် ကျောင်းဝန်းထဲ၌ လူများကင်းရှင်းနေဆဲဖြစ်ပြီး လေကောင်းလေသန့်ရသော လမ်းမကျယ်ကြီးများက အားကစားလုပ်ရန်သင့်တော်သည်။
အဆောင်တွင် gym ခန်း ရှိပေမယ့်လည်း ယခုလို မနက်ခင်းပိုင်းများတွင်တော့ လေကောင်းလေသန့်များ အပြည့်အဝ ရှူရှိုက်ရင်း အရှိန်ခပ်မှန်မှန်နှင့် ပြေးရသော လေ့ကျင့်ခန်းမျိုးကို ဂျောင်ဝန်း ပိုနှစ်သက်လေ၏။
တစ်နာရီခန့် ပြေးပြီးသည့်နောက်တွင်မူ ဂျောင်ဝန်းအဆောင်ရှိရာသို့ ပြန်လာခဲ့ပြီး လည်ပင်းနှင့် နားသယ်စပ်လေးများတွင်လည်း ချွေးသီးပေါက်လေးများ အနည်းငယ် စို့နေခဲ့လေသည်။
" ဟေ့ ကျောင်းသား..
မင်း အခန်း 104 က ကောင်လေးမလား "အဆောင်ထဲသို့ ပြန်ဝင်လာသည့်အချိန်တွင်ပဲ အဆောင်စောင့်ဦးလေးက လှမ်းခေါ်လာသည်မို့ ဂျောင်ဝန်း အရှိန်သတ်ကာ ပြန်လှည့်ကြည့်လိုက်၏။
" ဗျာ ? ဟုတ်ပါတယ် ဦးလေး "
" အေး အတော်ပဲ.. အခန်း 104 တွက် ပါဆယ်ပါလာလို့ လာပေးမလို့ပြင်နေတာ.. ရော့ "
ဦးလေး ကမ်းပေးလာသော ပါဆယ် box အသေးလေးကို လှမ်းယူမိချိန်တွင် လိပ်စာက ကျောင်း အဆောင်လိပ်စာနှင့် အခန်းနံပါတ် 104 ကိုသာ ဦးတည်ထားသည်။