ရေစက်ကလေးများ အနည်းငယ်တွဲလဲခိုနေသော အဆောင်ရေချိုးခန်းမှန်အကြည်တွင် အပေါ်ပိုင်းဗလာကျင်းလျှက် မိမိပုံအား မိမိပြန်ကြည့်ရင်း ဂျောင်ဝန်း အောက်နှုတ်ခမ်းလေးကို ဖိကြိတ်မိပါ၏။
မှန်ထက်ထင်ဟပ်နေသော သူ၏ ရောင်ပြန်ပုံရိပ်တွင် ဖြူဖွေးသော ရင်ဘတ်ညှပ်ရိုးနားတစ်ဝိုက်၌ နီစွေးနေသော အမှတ်သားရာတို့က ဟိုတစ်ကွက် ဒီတစ်ကွက် ထင်ရှားလို့နေသည်။
ထိုအမှတ်သားရာအချို့အပေါ်သို့ သူလက်ဖျားထိပ်လေးများဖြင့် ထိတွေ့မိသော် ထိုအရာများကို ဖန်တီးစဥ် သူ့အသားအရေထက်၌ ပြေးလွှားနေခဲ့သော နှုတ်ခမ်းတစ်စုံ၏ အထိအတွေ့ကပါ အတွေးထဲ ပြန်လည်ရစ်ဝဲလာခဲ့ရ၏။
ဂျောင်ဝန်း၏ မျက်တောင်ဖျားလေးများသည် ညင်ညင်သာသာလေး စင်းကျသွားကာ ပန်းနုရောင်သန်းသော နှုတ်ခမ်းလေးထက်၌ အပြုံးသေးသေးလေးတစ်ခု မထင်မရှားပေါ်လာခဲ့သည်။
အဆုံးတွင်တော့ သူအဝတ်အမြန်လဲရင်း ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်တော့၏။
_________________________
ဂျောင်ဝန်း ရေချိုးခန်းထဲမှ ပြန်ထွက်လာချိန်တွင် အတန်းတက်ရန် ပြင်ဆင်နေနှင့်ပြီးသူက ခုတင်တွင်ထိုင်လျှက် ဖိနပ်ကြိုးကိုချည်နေရင်း လွယ်အိတ်ကိုပင် ပုခုံးတစ်ဖက်ထက်၌ ကောက်လွယ်ထားပြီဖြစ်လေသည်။
အချိန်က အစောပိုင်း ပထမဆုံးအချိန်ဖြစ်နေရာ ဂျောင်ဝန်းက အူကြောင်ကြောင်မျက်နှာပေးလေးနှင့်မေး၏။
" hyung အတန်းတောင် သွားတက်တော့မှာလား "
ထိုအခါ hyung က သူ့ကိုတစ်ချက်မော့ကြည့်လာပြီးနောက် အဖြေပြန်ပေးရင်းနှင့်ပင် သွားရန်အသင့် ထရပ်လာသည်။
" အော် အင်း... အတန်းချိန်က နေ့လည်မှပေမယ့် သူငယ်ချင်းတွေ ဖုန်းဆက်ပြီးခေါ်နေလို့ "
ထို့နောက် ထုံးစံအတိုင်း အပြုံးနုနုတစ်ခုနှင့် ဂျောင်ဝန်း ဆံပင်လေးများထဲသို့ လက်ချောင်းများဖြင့် ထိုးဖွကာ နှုတ်ဆက်စကားပြောလေ၏။
" ဒါဆို ကိုယ်အရင်သွားနှင့်ပြီနော် "
ဂျောင်ဝန်းသည် မျက်လုံးဝိုင်းဝိုင်းလေးများနှင့်သာ hyung ၏ အမူအရာအားလုံးကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေပြီး ထွေထွေထူးထူး တုန့်ပြန်စကား ဆိုမလာခဲ့ပါ။