" ရော့.. စတော်ဘယ်ရီအရသာကြိုက်တယ်မလား "
လက်ထဲသို့ ထည့်ပေးလာသော ကတော့နှင့်ရေခဲမုန့်အား ဂျောင်ဝန်း စိတ်လိုလက်ရမဟုတ်ဘဲ လက်ခံလိုက်ရချိန်တွင် မိမိအရှေ့မှလူကို မျက်လုံးလေးများလှန်၍ ခပ်စူပုတ်ပုတ်ကြည့်မိ၏။
ထိုအခါ သူ့မျက်ဝန်းတွေကို မရှောင်လွှဲသွားဘဲ တည့်တည့်ပြန်ကြည့်လျှက် သူ့ကိုယ်ပိုင် ချောကလက်ရေခဲမုန့်ကို ငုံ့ကာစားပြလာသူကြောင့် နေရခက်စွာ အကြည့်လွှဲလိုက်ရသည့်သူက ဂျောင်ဝန်းသာဖြစ်သွားခဲ့ပြန်သည်။
ယခု သူ အတင်းအကြပ် ပြန်ပေးဆွဲခံလာရသည့်နေရာက amusement Park တစ်ခုဖြစ်၍ လည်ပတ်လှည့်လည်သူများနှင့် ပြည့်လျှံစည်ကားလို့နေ၏။
ပုံမှန်အတိုင်းသာ ဒီလိုနေရာမျိုးကို date အနေနှင့် လာရလျှင် ဂျောင်ဝန်း ပျော်ရွှင်လွန်း၍ ဖမ်းမမိနိုင်သည့် ရှဥ့်ပေါက်လေးသဖွယ် ဖြစ်နေလောက်ပေမယ့် ယနေ့ကတော့ ကွဲပြားနေခဲ့သည်။
သို့သော် သူ့ဘက်က မည်မျှပင် စိတ်မပါ လက်မပါဖြစ်စေကာမူ တစ်ဖက်လူကတော့ ပြောင်ပြောင်တင်းတင်းပင် သူ့ကို ပုံမှန် အသားယူနေကြအတိုင်း မူမပျက်ရှိနေခဲ့ပါ၏။
ယခုလည်း လမ်းလျှောက်နေရင်း ဂျောင်ဝန်း လက်ဖဝါးတစ်ဖက်ကို အတင်းလက်ချောင်းချင်းယှက်သွယ်လျှက် ဆုပ်ကိုင်ထားသည်ပင်။
" စတော်ဘယ်ရီက ဘယ်လိုလဲ အရသာရှိရဲ့လား ? ကိုယ့်ချောကလက်ကိုရော မြည်းကြည့်ချင်လား ? "
ပြောရင်းဆိုရင်း နှုတ်ခမ်းရှေ့ ရောက်လာသော ချောကလက် ရေခဲမုန့်ကြောင့် ဂျောင်ဝန်း မျက်နှာကို ဘေးဘက်သို့လှည့်၍သာ ရှောင်လွှဲလိုက်သည်။
" ရိုးရိုးနည်းနဲ့ မမြည်းချင်ဘူးနဲ့တူတယ် "
ဂျောင်ဝန်း ထိုစကား၏ ဆိုလိုရင်းကို နားမလည်သော်လည်း ဆက်လက်၍သာ အဖက်မလုပ်ဘဲ နေလိုက်၏။
သို့သော် ရုတ်တရက် သူ့မေးဖျားလေးသည် ဆတ်ခနဲ ဆွဲလှည့်ကာ ယူခံလိုက်ရပြီးနောက် နှုတ်ခမ်းသားထူထူတို့၏ ခပ်အေးအေး အထိအတွေ့က သူ့ကို ခပ်ကြမ်းကြမ်းဖိကပ်လာခဲ့လေသည်။