အပိုင်း - ၁၅ ( ဇနီး )

1.4K 185 18
                                    

အပိုင်း - ၁၅ ( ဇနီး )

ဇနီးမယား ဆောင်ယူလက်ထပ်ခြင်းဟူသည် အရေးကြီးကိစ္စတစ်ရပ်ပင် ဖြစ်၏။ ဇနီးမယားမည်သည် စံအိမ်ထဲသို့ ထပ်တိုးရောက်လာသူဖြစ်ကာ မိသားစု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမည်မို့ ထိုအထိမ်းအမှတ်အတွက် အလေးအနက်ထား ဂုဏ်ပြုပေးဖို့ လိုအပ်၏။

သို့သော် တရားဝင်ဇနီးမဟုတ်သော ကိုယ်လုပ်ဇနိီးနှင့် လက်ထပ်ခြင်းက ထိုသို့မဟုတ်ပါချေ။ သူမအား ဝေါယာဉ်ဖြင့် ဘေးအိမ်တံခါး‌ေပါက်မှ ခေါ်ယူသယ်ဆောင်လာဖို့ရန်သာ လိုကာ ကောင်းကင်နှင့်မြေကြီးကိုရော၊ အချင်းချင်း၏ မိဘနှစ်ပါးကိုရော ဦးတိုက်ကန်တော့ဖို့ မလို။ ပန်းနုရောင်ဝတ်စုံဝတ်ထားသော သတို့သမီးအသစ်ကို ထိုနေ့ည၏ မင်္ဂလာဦးခန်းခန်းသို့ သွားရောက်ပို့ဆောင်ပေးဖို့ရန်သာ လိုကာ ဤမျှနှင့်ပင် သူမအတွက် စံအိမ်ထဲ ရာထူး‌ေနရာတစ်ခု ရရှိဖို့ လောက်ငှပြည့်စုံပေပြီ။

ကိုယ်လုပ်ဇနီးအား အိမ်ထဲ ခေါ်ဆောင်လာသည့်အချိန် ရှန်ချင်းရွှမ်းမှာ ဆွေမျိုးမိဘများနှင့်အတူ ပင်မဧည့်ခန်းဆောင်တွင် သေရည်သောက်နေဆဲဖြစ်၏။ ယနေ့က သူ၏မွေးနေ့လည်း ဖြစ်သည်မို့ သူ့ဆွေမျိုးများနှင့်အတူ မသောက်၍ မရပါ။ ထို့နောက် မိခင်ဖြစ်သူကိုယ်တိုင် ချက်ပေးသော သက်ရှည်ခေါက်ဆွဲကို စားကာ ဟင်းရည်လည်း အကုန်သောက်လိုက်၏။ သခင်မကြီးရှန်၏နောက်တွင်မူ မိထွေးဖြစ်သူ ရပ်နေကာ အခြားသူများအတွက် ကြာကြာနေတစ်ခါ သေရည်လိုက်ငှဲ့ပေးရ၏။ စားသောက်ဧည့်ခံပွဲမှာ ‌ေနာက်ထပ်နှစ်ရှီချန်မျှ ကြာသွားကာ စားပြီးသောက်ပြီးသောအခါ သဘင်ပြဇာတ်‌ ကြည့်ဖို့အတွက် ဥယျာဉ်ခြံထဲ သွားလိုက်ကြ၏။ ပြဇာတ်နှစ်ခု ဖျော်ဖြေအပြီးတွင် အသပြာစ,များ စွန့်ကြဲပေးကာ ထို့နောက်မှာတော့ ကျေးငှက်တိရစ္ဆာန်များပမာ လူစုခွဲလိုက်ကြ၏။

ရှန်ချင်းရွှမ်းမှာ စိတ်ကြည်လင်ရွှင်ပျနေကာ ထိုပြဇာတ်ကို ကြည့်ပြီးသွားသောအခါ ဥယျာဉ်ထဲ အပျင်းပြေလျှောက်လည်ဖြစ်သည်။ အပင်များထက်မှ သစ်သီးဆွတ်ခူး‌ေပးဖို့ပါ အစေခံလေးအား မှာကြားကာ ထိုသစ်သီးဝလံများ ပိုက်ထားရင်း ၊ လပြည့်ဝန်းကို ရှုစားရင်း အမူးပြေဖို့အတွက် သစ်သီးကိုက်စားနေ၏။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now