ဒုတိယတွဲ ၊ အပိုင်း - ၁၂

1K 147 5
                                    

ဒုတိယတွဲ ၊ အပိုင်း - ၁၂

အဖက်ခံရသည်နှင့်တစ်ပြိုင်နက် ကျီ့ကျို အလိုအလျောက် တောင့်ခဲမှင်သက်သွား၏။ သူ့စိတ်ထဲ စက်ဆုပ်ရွံရှာမှု မရှိတော့သည့်တိုင် သူ့ခန္ဓာကိုယ်ကမူ ညပေါင်းများစွာ ရီးမော့ ပေးအပ်လာဖူးသည့် နာကျင်မှုနှင့် အရှက်ရစရာများအား အလိုအလျောက် မှတ်မိနေဟန်ရ၏။ ထို့ကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်စွာ ဆူး‌တစ်‌ေချာင်းအလား တောင့်တောင့်ကြီး ရပ်နေကာ  သူ့ကိုယ်သူကိုရော တစ်ဖက်လူကိုပါ စူးသွားစေသည်။

ရီးမော့ ခေတ္တမျှ တုံ့ဆိုင်းသွား၏။ ထို့နောက် ပိုပြီး တင်းကျပ်စွာ ဖက်ထားဖြစ်ခဲ့သည်။

ကျီ့ကျိုကမူ ပြန်လည်ခုခံဖို့ရော ရှောင်ပြေးထွက်ခွာသွားဖို့ရော အင်အားမရှိသည့်နှယ် တုတ်တုတ်မျှမလှုပ်။ ရီးမော့က ကျီ့ကျို၏ လည်တိုင်ကို ပွတ်သပ်ကာ သူ့ပခုံးထက် ကျီ့ကျို၏ခေါင်းအား လာမှီစေ၏။ ထို့နောက် အရင်အတိုင်း ခါးပေါ် လက်ပြန်တင်ကာ ကျောပြင်အား ဖက်ထားသည်။ ထိုသူမှာ ရုန်းကန်ငြင်းဆန်ခြင်း မပြုသာသည့် အနေအထားဖြင့် ရှေ့ကလူကို ဖက်ထားခြင်းဖြစ်ရာ ရင်ခွင်ထဲရှိလူကို တောင့်ခဲရပ်တန့်စေလျက် တစ်ချက်မှ မလှုပ်စေခဲ့။

၎င်းမှာ အချိန်ယန္တရားအား ရပ်တန့်စေသော ပွေ့ဖက်မှုဖြစ်ကာ ခဏအကြာမှာမှ ကျီ့ကျို၏ တောင့်တင်းသော ကြွက်သားများ အနည်းငယ် ပြန်အသက်ဝင်လာသည်။ ခြေလက်များကလည်း ပျော့ပျောင်းလာကာ ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်ကျသွားမှ ကျီ့ကျိုလည်း သက်ပြင်းဖွဖွ ချလိုက်၏။ ထို့နောက် ရီးမော့သည်လည်း လှုပ်ရှားလိုက်ကာ မျက်နှာကို အနည်းငယ် လှည့်လိုက်သဖြင့် အေးစက်စက်နှုတ်ခမ်းသားများက ကျီ့ကျို၏ ပါးပြင်ပေါ် ဖွဖွလေး ရှပ်တိုက်ထိသွားလို့။ အနမ်းတစ်ပွင့် ဆိုသည်ထက် ပန်းပွင့်လေးအပေါ် လေပြေလေးတစ်ဖျတ်တိုက်ခတ်ထိတွေ့သွားသည့်ပမာ။

ကျီ့ကျိုခမျာ မျက်တောင်တဖျတ်ဖျတ်ခတ်သွားရလို့။ သို့သော် ထိုအ‌ထိအတွေ့မှာ အိပ်မက်လိုလို လက်တွေ့လိုလို မကွဲမပြားဖြစ်လှကာ တကယ်ထိသွားသလား ထိမသွားသလားဟု မပြောနိုင်။ ရီးမော့ကို ကြည့်လာသော သူ့အကြည့်များထဲ တွေဝေမှုများ ပါနေ၏။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now