အပိုင်း - ၉ ( မိသားစု )
သခင်လေးရှန်က သေမင်းခံတွင်းဝမှ ပြန်လာနိုင်ခဲ့သည်မို့ တောင်ပေါ်စံအိမ်မှာ သုံးရက်တိုင်တိုင် ပြန်လည်စည်ကားကာ အသက်ဝင်လာသည်။
ခြိမ့်ခြိမ့်သဲဆူညံနေသည့် အသံများကြား ရှန်ချင်းရွှမ်းက နဂိုမူလအတိုင်း အနေအေးနေမြဲ။ ငွေလရောင်သဏ္ဍာန် ဝတ်ရုံဖြူအား ဝတ်ဆင်ထားလျက် ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ကာ အရပ်မျက်နှာပေါင်းစုံမှ ရောက်လာသော စိုးရိမ်ပူပန်ပေးမှုများကို အပြုံးတစ်ပွင့်နှင့်အတူ အလိုက်သင့် လက်ခံယူပေးခဲ့သည်။ ယဉ်ကျေးသိမ်မွေ့သော အသွင်နှင့်ပင် နှိမ့်ချရိုကျိုးစွာ စိတ်ပါဝင်စားစွာ ခေါင်းတညိတ်ညိတ်ပြုရင်း နားထောင်နေသည်မှာ ကျော့ရှင်းခန့်ညားလှပါ၏။
ထို့ကြောင့်ပင် သနားကရုဏာသံစွက်သည့် အသံလှိုင်းများစွာမှာ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ ထိုသူတို့အားလုံးက တစ်သံတည်းသာ ပြောလာကြပေ၏။
ဒီလောက်လိမ္မာတဲ့ ကလေးလေးကို ကံကြမ္မာက ကျီစယ်ညှဉ်းဆဲရက်လေတယ်.... ဟူ၍။
ရှန်ချင်းရွှမ်းမှာ ထိုစကားများအပေါ် ခံနိုင်ရည်ရှိနေခဲ့ပြီးသားဖြစ်ရာ ထိုသို့ကြားလိုက်ရသည့်တိုင် တစ်လက်မသော်မျှ မတုန်လှုပ်ခဲ့ပါ။ သို့သော် သူ့ဘေးနားရှိ မိခင်ဖြစ်သူ၏ စိတ်ကိုမူ မွှေနှောက်လှုပ်ခတ်နိုင်ရာ ထိုအမျိုးသမီးကြီးမှာ ပိုးပိုးပေါက်ပေါက် ငိုကြွေးနေခဲ့လို့။ ရှန်ချင်းရွှမ်း မြင်သွားလျှင် ပိုပြီး စိတ်မချမ်းမြေ့ရမည်ကို စိုးပြန်ရာ ထိုအမျိုးသမီးကြီးမှာ တစ်ဖက်သို့လှည့်ပြီး မျက်ရည်များ ခိုးခိုးသုတ်နေခဲ့ရှာသည်။
သို့သော် ထိုအပြုအမူက ရှန်ချင်းရွှမ်း၏ စူးရှလျင်မြန်သော အကြည့်များအောက်မှ မည်သို့မည်ပုံ လွတ်မြောက်နိုင်ပါအံ့နည်း။ သားအမိပီပီ ရှန်ချင်းရွှမ်းမှာ သူမ၏အတွေးကို သိရှိနားလည်နေခဲ့ရာ မမြင်လိုက်သလိုသာ မျက်ကွယ်ပြုရင်း အခြားလူများဆီကိုသာ အရေးတယူပြုလိုက်၏။
စားသောက်ဧည့်ခံပွဲ စတင်သောအခါ ရှန်ချင်းရွှမ်းက သူ့အား ပွဲထဲမှ ခေါ်ထုတ်ပေးသွားရန် ကိုယ်ပိုင်အစေခံမလေးအား အချက်ပြလိုက်သည်။ ရှန်ချင်းရွှမ်း၏ ခန္ဓာကိုယ်မှာ အားနည်းချည့်နဲ့သည်မို့ သေရည်များစွာ မသောက်နိုင်မှန်း သိကြပြီးသားဖြစ်၏။ ပြင်းထန်သော ရောဂါဝေဒနာမှ သက်သာလာခါစမို့ ဧည့်သည်များအား ဧည့်ခံနေရခြင်းဖြင့် အပင်ပန်းခံေစ၍ မရပါ။ ထို့ကြောင့် ဧည့်သည်တစ်ယောက်ပြီးတစ်ယောက်က ရှန်ချင်းရွှမ်းအား ကောင်းကောင်းအနားသွားယူပါရန် မှာကြားလာကြကာ ရှန်ချင်းရွှမ်း ထွက်သွားပြီးသည့်အထိ စောင့်လိုက်ပြီးမှ စိတ်တိုင်းကျ သောက်စားပျော်ပါးခဲ့ကြ၏။
YOU ARE READING
သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ
RomanceTotal : 96 Chapters + 8 Extras A touching love story between a mortal and a snake Yao where their entanglement lasted for three lifetimes.