အပိုင်း - ၂၃ ( ရှေးဟောင်းနှောင်းဖြစ် )

999 148 10
                                    

အပိုင်း - ၂၃ ( ရှေးဟောင်းနှောင်းဖြစ် )

နေရောင်ခြည်အတန်အသင့်ရသော မွန်းလွဲပိုင်းတွင် ရှန်ချင်းရွှမ်းမှာ စာကြည့်စားပွဲ၌ ထိုင်နေကာ လက်တစ်ဖက်ဖြင့် မေးကိုထောက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ပါးလွှာသော စာတစ်စောင်အား လက်ထဲ လှည့်ပတ်ကစားနေ၏။ ရှန်ချင်းရွှမ်းမှာ ထိုစာလွှာအား ကြည့်ကာ ပြန်စာမည်သို့ရေးရမည်နည်းဟု အကြံထုတ်နေသည်။ ထို့အပြင် ငိုက်မြည်းလှစွာ သမ်းနေရာ ‌အတော်လေးပျင်းရိနေကြောင်း တကူးတက ပြောပြဖို့ရန်ပင် မလိုတော့။ သမ်းပြီးသည့်နောက်မှာတော့ မျက်ရည်စ,ထွက်လာကာ ရှန်ချင်းရွှမ်းမှာ ထိုစာကိုချပြီး မျက်ရည်စများ သုတ်လိုက်သည်။ ထို့နောက် ခေတ္တမျှ မျက်လုံးပွတ်နေလိုက်ပြီး စားပွဲပေါ် လှဲလိုက်ကာ လက်ဖျံပေါ် မျက်နှာအပ်လျက် မှေးခနဲ အိပ်ပျော်သွားတော့မည့်အလား။

ရီးမော့မှာ သူ့နောက်ရှိ ညောင်စောင်းထက်၌ ထိုင်နေကာ စာအုပ်တစ်အုပ်အား ကိုင်ထားလျက် ဇိမ်ပြေနပြေဖတ်နေ၏။ သူ့ရှေ့ရှိ မကြာခဏသမ်းဝေနေသည့်လူကို မြင်ရပြီးသည့်နောက် ရီးမော့မှာ သမာဓိကုန်ခမ်းသွားခြင်းဖြစ်ကာ အာရုံစူးစိုက်၍ မရတော့ပါ။ ထို့ကြောင့် ရီးမော့က လက်ထဲရှိစာအုပ်ကို ချလိုက်ကာ ပြောလာ၏။

"ဘယ်သူ့ဆီက စာမို့ မင်းကို ဒီလိုဖြစ်အောင် လုပ်နိုင်တာလဲ"

ထိုစကားကိုကြားသော် ရှန်ချင်းရွှမ်းမှာ ပျင်းရိပျင်းတွဲအသံဖြင့် ဖြေလာသည်။

"ညီလေးဆီက စာ"

ထို့နောက် ရှန်ချင်းရွှမ်းက မျက်နှာပင် မော့မလာပါဘဲ ညည်းညူလာ၏။

" ဒီကောင်လေးက စာအရေးအသား ကျွမ်းကျင်တယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ဘာလို့များ အိမ်ကိုစာရေးလာတိုင်း သုံးနှစ်သားလေးလို ဖြစ်ဖြစ်သွားတာလဲမသိ။  ဒါ့အပြင် တစ်ခါပြောရင် စကားအတောမသတ်နိုင်တော့ဘဲ အကြောင်းအရာတစ်ခုကို ထပ်မှာမကြောက်ဘဲ ရှစ်ခေါက်ကိုးခေါက်လောက် ပြောပြောနေတယ်။ ကျွန်တော်တော့ဖြင့် ဒီစာလွှာပေါ်က ပွစိပွစိ ညည်းညူသံတွေကနေ သူ့တံတွေးနံ့ပါ ရနေပြီ  "

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now