💦💦မဟာသင်္ကြန်အကြတ်နေ့ 💦💦
"အစ်ကို ....အစ်ကိုဝန်ဘင်း ..."
မိမိကိုယ်ကိုလှုပ်ကာ နှိုးလာသောချန်းယောင်းကြောင့် ဝန်ဘင်း အိပ်ချင်မူးတူးထထိုင်လိုက်မိပေသည်။ဆံပင်တွေကိုလှန်တင်လိုက်ပြီး မျက်ဝန်းတွေကို အတတ်နိုင်ဆုံးမဖွင့်ချင်ဖွင့်ချင် ဖြင့် ဖွင့်လိုက်ရလေသည်။မနက်အစောကြီးလာနှိုးသည်မို့ ဝန်ဘင်းမျက်ဝန်းတွေကလေးလံကာခေါင်း အုံးပေါ်လူကအချိန်မရွေးပြုတ်ကျတော့မည့်အလားအလာမှာရှိလေ၏။
"ချန်းယောင်း သွားစရာရှိလို့လား "
ဝန်ဘင်းပြောနေရင်း တစ်ချက်သမ်းလိုက်မိပေသည်။ခြင်ထောင်ထဲဝင်လာသောချန်းယောင်းက ကပိုကယိုကျနေသော ဝန်ဘင်း၏ဆံစတွေကို လက်နဲ့စုသိမ်းကာသူ့လက်ကောက်ဝတ်က ခေါင်းစည်းကြိုးဖြင့်စုချည်ပေးလာလေသည်။မျက်နှာလေးပြောင်ရှင်းသွားသည်နှင့်အညီ ခေါင်းပေါ်မှာလည်းစုချည်ထားသောဆံပင်များကနှစ်ဖက်ခွဲဖြာကျကာအုန်းပင်အုန်းခက်များနှင့် တူညီတော့ပေသည်။
"ခေါင်းစည်းကြိုးက ဘယ်ကရတာလဲ "
ဝန်ဘင်းအိပ်ရာထကာစစိတ်သိပ်မကြည်သော်လည်း သူ့ချည်ပေးလာသည့် ခေါင်းစည်ကြိုးအနက်ကြိုးလေးကိုသတိတရမေးလိုက်မိပေသည်။အိမ်မှာကအန်တီအပြင် မိန်းကလေးမရှိသောကြောင့် ဒီကြိုးအနက်လေးက သူ့ဘယ်သူ့အတွက်ရည်ရွယ်ဝယ်ထားလဲဆိုတာ ဝန်ဘင်းသိချင်မိလေသည် ။
"ဆံပင်ကဂုတ်ထောက်နေပြီလေ။ဒီကြားထဲပဲများပြီးရှေ့ဆံပင်ကမျက်လုံးအုပ်နေပြီ ။ခင်ဗျားကိုမြင်ရတာ စိတ်မသက်သာလို့ ။ကလစ်ကျတော့ ခင်ဗျားမကြိုက်မှာစိုးလို့ "
ကိုယ့်အတွက်ရည်ရွယ်သော ခေါင်းစည်းကြိုးမှန်းသိရသည် နှင့် ဝန်ဘင်းသူချည်ပေးသောမသေမသပ်ခေါင်းပေါ်ကဆံသားတွေကို ထိတွေ့မိကာနှုတ်ခမ်းလှုပ်ယုံ တစ်ချက်ပြုံးလိုက်မိပေသည်။
ဝန်ဘင်း မီးအလင်းရောင်သဲ့သဲ့ကိုအားယူကာ
ချန်းယောင်း၏ မျက်ဝန်းတွေကို ငေးကြည့်မိ၏။ရွှန်းလဲ့နေသောအကြည့် အောက်မှာ ဝန်ဘင်းစိတ်တို့ အမျိုးအမည်မသိရသောခံစားချက်အချို့ လှိုင်းထသွားရလေသည်။