Part-12

963 67 9
                                    


သူတို့အချိန်နာရီဝက်ခရီးဆက်ပြီးကြသည့်အခါ မြေနီလမ်းအတိုင်းမောင်းနှင်နေသောကားက ရွာငယ်လေးတစ်ရွာထဲသို့ ဝင်လာတော့သည်။ လမိုက်ညဖြစ်သည့်အတွက် သူတို့အိမ်၌ထွန်းထားသည့် မီးရောင်များကိုသာမြင်တွေ့ရ၏။

"ဇရပ်လား "

ကားမီးရောင်ကြောင့် မြင်နေရသည့်အိမ်ကို ကြည့်ပြီး ပြောသည့်အခါ သူရယ်လိုက်မိသည်။

"အိမ်တွေပါ"

"အိမ်"

မြို့ပြအိမ်ကြီးတွေမှာပဲ နေခဲ့ရသည့် ကေဗရယ်အတွက် တောရွာကအိမ်သေးကိုမြင်ရတော့အထူးအဆန်းဖြစ်သွားသည်။

"ငါတို့အိမ်လေ"

သူထင်ထားသလို မြင်ကွင်းမျိုးမဟုတ်၍ စိတ်ပျက်သွားမည်ထင်သော်လည်း ကေဗရယ်က မတွေ့ဖူးသည့်မျက်နှာထားနှင့်သာ ပတ်ဝန်းကျင်အားစူးစမ်းနေတော့သည်။ ထိုအချိန်မှာ ခြံစည်းရိုးကာမထားသည့် အိမ်ရှေ့၌ ထိုးရပ်လိုက်သည်။

"ဟော...ရောက်လာကြပြီလား"

သူတို့ကားပေါ်ကဆင်းလာသည်နှင့် ရုပ်ခံကောင်းကောင်းလူကြီးတစ်ယောက် သူတို့ကိုကြိုဆိုနေသည်။ ပြီးနောက် အသံကြား၍ အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာသည်။

"တူလေး တူတူးကဖုန်းဆက်ပြောထားလို့ ဒီရက်ရောက်လာမှာ သိပေမယ့် ဒီလောက်ကြီးနောက်ကျလိမ့်မယ်လို့ မထင်ခဲ့ဘူး"

ထိုလူကြီးရဲ့အသက်က ဒယ်ဒီကိုးလ်တို့ထက် ၁၀နှစ်လောက်ငယ်မည်ထင်သော်လည်း အသားညိုညိုနှင့် အလုပ်ကြမ်းကြောင့် ဦးလေးပုံစံပေါက်နေသည်။ သို့သော်လည်း ထိုလူရဲ့ရုပ်ရည်ကတော့ ခန့်ညားနေ၏။

"ဧည့်သည်ရောက်လာမယ်ဆိုလို့ ထမင်းဟင်းကြိုချက်ထားတာ အခုပဲပြန်နွေးလိုက်မယ်"

ထိုလူကြီးနှင့်ယှဥ်ရပ်နေသည့်လူကတော့ အသားအနည်းငယ်ပိုဖြူပြီး ပိုငယ်သည်ဟုထင်ရ၏။ နှစ်ယောက်လုံး ခန္ဓာကိုယ်အချိုးအစား သန်မာမှုတူညီနေကြသော်လည်း အိမ်ထဲပြန်ဝင်သွားသည့်လူကတော့ ဖြူသန့်နေ၏။

"ကဲ...ကိုကို ဟင်းတွေပြန်နွေးလိုက်ဦး"

အသားညိုသည့်လူကြီးက သန့်နေသည့်လူကြီးကို ကိုကိုဟုခေါ်လိုက်သောကြောင့် ကေဗရယ်က အံ့သြသည့်မျက်လုံးဖြင့် စိတ်ဝင်စားသွားသည်။

Blue Existence Where stories live. Discover now