ညနက်နေပြီ ဖြစ်သော်လည်း မအိပ်နိုင်သောကြောင့် အခန်းပြင်ထွက်လာပြီး ဝရံတာသို့ ထွက်ရပ်လိုက်၏။ အညိုရောင်လည်ဖုံးဆွယ်တာကြောင့် အနွေးဓာတ်ရရှိသော်လည်း ညပိုနက်လာလေ ရာသီဥတုက ပိုပိုအေးစက်လာလေလေပင်။ ဖြေးဖြေးချင်း တို့ဝေ့လာသည့် လေပြေများကလည်း ပုခုံးအောက်အထိ ရောက်နေသည့် သူ့ရဲ့ ဆံနွယ်ကောက်ကောက်လေးအား ဝေ့ယမ်းကျီစယ်သွား၏။ဒီအချိန်ဆို ကလောမှာလည်း နှင်းများနေကျမလားဟု တွေးရင်း ကျောပြင်စိမ့်ခနဲဖြစ်လာသောကြောင့် စိတ်မလုံမလဲဖြစ်ကာ အနောက်ကို လှည့်ကြည့်လိုက်၏။ အပြာနုရောင် ပိုးသားညအိပ်ဝတ် ဝတ်စုံနှင့် သူ့အနောက်တွင် ရပ်နေသော ကေဗရယ်ဒွန်းကို မြင်လိုက်သည့်အခါ လန့်ဖျပ်သွားလေသည်။
"ကိုကို မအိပ်သေးဘူးလား"
"ကျုပ်က ခင်ဗျားကို မေးရမှာ"
သူ့ရဲ့အမေးကြောင့် မျက်ဝန်းပြာကောင်လေးက ခပ်ဖျော့ဖျော့သာပြုံးပြပြီး သူနှင့်အတူ ယှဥ်ရပ်လိုက်၏။ သူ့အနားရပ်နေသည့် ကောင်လေးက ယောက်ျားတစ်ယောက်မှာ ရှိသင့်သည့် အရာအားလုံး ပြည့်စုံနေသော်လည်း သူနှင့်အတူ ယှဥ်ရပ်လိုက်တော့ တကယ့်သေးသေးကွေးကွေးဖြစ်သွား၏။
"မအိပ်နိုင်လို့ပါ"
နိီစွေးစွေးနူတ်ခမ်းပါးဆီက ထွက်လာသည့် အဖြေကြောင့် သူလည်း နှင်းကျနေသည့် လမ်းမကိုသာ အကြည့်ပို့ထားလိုက်သည်။
"အရမ်းအေးလို့ တစ်ယောက်ထဲ မအိပ်နိုင်ဘူး"
"............."
"သား ကိုကိုနဲ့ လိုက်အိပ်လို့ရမလား"
ကောင်လေးရဲ့ စကားကြောင့် ဒီတစ်ခါ သူမျက်မှောင်မကြုတ်တော့ပါ။ ပြီးတော့ အေးဆေးတည်ငြိမ်စွာနှင့်သာ ရှောင်ထွက်သွားရင်း...
"မအိပ်နိုင်ရင် ခင်ဗျားအဖေနဲ့သွားအိပ်။ ကျုပ်က ကလေးမချစ်တတ်ဘူး"
ခပ်တည်တည်ပြောရင်း ထွက်သွားသည့် ကျောပြင်ကျယ်ကြီးအား လှည့်ကြည့်ရင်း မျက်ဝန်းပြာပြာ၌ အရည်ကြည်များ ပြည့်နှက်လာ၏။
"ကိုကို မကောင်းဘူး"
ပြည့်တက်လာသော မျက်ရည်များကို မျက်တောင်ဖြင့် ပုတ်ခတ်ရင်း ထွက်မကျအောင်ထိန်းထားကာ ဆူပုတ်ပုတ်ပြောလာ၏။ အစစအရာရာ အလိုလိုက်၊ ဂရုစိုက်ခံရသော်လည်း ကိုကိုနှင့်ကျမှ ဘာလို့ အပယ်ခံလူတစ်ယောက်လို ခံစားနေရပါသနည်း။
YOU ARE READING
Blue Existence
Açãoလူကြီး မိုးကောင်းကင်ပြာပြာကို သဘောကျသလို ဒီကမျက်ဝန်းပြာပြာနဲ့ကောင်လေးကိုလည်း သဘောမကျချင်ဘူးလား