Part-14

403 46 0
                                    


နှင်းကွဲသည်နှင့် ရွာအရှေ့ဆီက နွားချူသံကလောင်ကလောင်များ ကြားလိုက်ရတော့သည်။ ဒီမနက်စာက ရွာထဲရှိလူများ လာပို့သည့်ဟင်းများနှင့် စားရတော့ စိတ်ချမ်းသာနေ၏။ ကျေးလက်ဟင်းအတိုင်း အဆီနည်းနည်း အရသာလေးလေးနှင့် စား၍ကောင်းနေ၏။

လူကြီးကတော့ အိပ်ရာကထသည်နှင့် မျက်နှာသစ် အသင့်ပြင်ပေးထားသည့် စားပွဲ၌ဝင်ထိုင်ပြီး သူပြင်ပေးသည့် ထမင်းကိုစားသည်။ ခဏကြာတော့ တစ်ခုခုကိုလိုက်ရှာနေသောကြောင့် သူကပဲ စကားအရင်ပြောဖို့ဆုံးဖြတ်လိုက်၏။

"ဘာရှာတာလဲ ရေသောက်ချင်လား"

"အင်း ရေနွေးလိုချင်တာ မရှိရင်လည်းမပေးနဲ့"

ပြောရင်းဆိုရင်း လက်ဖြင့်နယ်ထားသည့် ထမင်းကို အားရပါးရစား၏။ ထိုသို့စားနေသည်ကို ကေဗရယ်တစ်ခါမှမြင်ဖူးပါ။သူကလည်း ကေဗရယ့်ကိုဂရုစိုက်ဟန်မတူပါ။ စားစရာရှိတာစားပြီး လက်ဆေးသည်။

"ရွာထဲ သွားလည်ချင်ရင်သွား နေ့လယ်စာက ကိုယ့်ဟာကိုကြိုက်သလိုစား ငါတောလိုက်သွားမလို့"

"ဟင်... ဘယ်အချိန်ပြန်လာမလဲ"

"မသိဘူး"

စကားတစ်ခွန်းသာဖြေပြီး ဘာစကားမှထပ်မပြော၍ ကေဗရယ်ကလည်း ဘာမှမမေးဖြစ်တော့။ သူစားပြီးသားပန်းကန်နှင့် ဟင်းခွက်များကိုယူပြီး ဆေးရန်လုပ်တော့ သူက ဆက်ခနဲကြည့်ကာ...

"ဘာလုပ်မလို့လဲ"

အသံက နည်းနည်းကျယ်သောကြောင့် ကေဗရယ်မှာ လန့်ဖျပ်သွားရသည်။

"ဆေးမလို့ပါ"

"ထားခဲ့ ပန်းကန်ကိုတောင်ကောင်းကောင်းမကိုင်နိုင်တဲ့လူကများ... သွား! သွားချင်တဲ့နေရာသွား... ရှုပ်တယ်"

ဘာကြောင့်မှန်းမသိ အိပ်ရာနိုးလာကတည်းက သူစိတ်ဆက်နေသည်ကို ကေဗရယ်မြင်နေရသည်။ သူ့စကားများကြောင့် စိတ်ခုမိသော်လည်း ဒီနေရာမှာ အခြေချရမည်ဖြစ်၍ သည်းခံစိတ်ကြိုမွေးထားလိုက်ရသည်။

သူကတော့ ပန်းကန်နှင့် ဟင်းခွက်များကို စုပြီး အုတ်ကန်ဘေး၌ ထိုင်ကာဆေးကြောနေ၏။ ကေဗရယ်ကလည်း ဆက်ပြီးမကြည့်တော့ဘဲ အိမ်ပေါ်သို့တက်ကာ အထုတ်ထဲက ပစ္စည်းကို ထုတ်ကာ သင့်တော်သည့်နေရာ၌ချလိုက်၏။

Blue Existence Where stories live. Discover now