Chapter 23
April 28, 2024
🧝Chapter 23ဒေါသတကြီးပြောလာသံကြောင့် ရန်သာ့လန်၏ပေါင်ပေါ်တွင်လဲနေသော သားမွှေးလုံးလေးမှ ခေါင်းထောင်ကြည့်လာကာ ရှုပ်ထွေးနေပုံရပြီး ထိုဟူးမန်းနှင့်သူ့ကိုဂရုစိုက်ပေးနေသောဟူးမန်းတို့ကို လိုက်ကြည့်နေမိသည်။
အငြင်းပွားမှုကြားထဲတွင် တစ်စုံတစ်ယောက်မှာ သူတို့ကိုတံခါးရှေ့မှ အော်ခေါ်လာသည်။ ထိုသူမှာ မြို့မှ လူနာလာကြည့်သည့် သမားတော်ကျီဖြစ်ပြီး ဆေးခန်းတွင် သူတို့ကိုကြည့်ရှုစောင့်ရှောက်ပေးခဲ့သော ကျီကွမ်းသည်လည်း သမားတော်ကြီး၏အနောက်မှလိုက်ပါလာသည်။
မြောင်ဟယ် ဧည့်သည်များကို အနောက်ဖက်ခြံဝန်းထဲသို့ အလျင်အမြန်ဖိတ်ခေါ်လိုက်သည်။ ရန်သာ့လန်မှာမူ ကျောမှီကုလားထိုင်ကို ရရှိပြီးကတည်းက အိပ်ချိန်နှင့်မိုးရွာနေချိန်များလွဲ၍ နေ့စဉ်နှင့်အမျှ သူ၏နေ့ရက်များကို ထိုအပေါ်တွင်သာ ကုန်ဆုံးခဲ့သည်။ သာ့ပိုင်သည်လည်း သူ၏အကြိုက်ဆုံးတစ်ရေးအိပ်ရာနေရာဖြစ်သည့် ရန်သာ့လန်၏ပေါင်ပေါ်ကို ရှာတွေ့သွားခဲ့သည်။ သမားတော်ကျီ၏မျက်လုံးများ ကုလားထိုင်ပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းတို့မှာတောက်ပလာကာ အဆက်မပြတ်ချီးကျူးလာသည်။
“ တကယ်ကြီးကို ဘယ်သူကမှ သည်လိုထိုင်ခုံမျိုးလုပ်ဖို့စဉ်းစားမိမှာမဟုတ်ဘူး…ဒါကအတော်လေးကောင်းတာပဲ… သည်ခုံနဲ့ဆိုရင် ထမင်းစားတဲ့အခါတို့ ဆေးသောက်ရမဲ့အခါတို့ဆို ဟိုနေရာသည်နေရာသွားနေဖို့ မလိုတော့ဘူး… သည်အပေါ်မှာလည်း နားနေလို့ရသေးတယ်…သည်ခုံကိုဘယ်မှာမှာလို့ရမလဲဟေ… တကယ်လို့သာ ဆေးခန်းမှာ သည်ဟာမျိုးတစ်ခုံနှစ်ခုံလောက် ထားနိုင်မယ်ဆိုရင် လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ သေချာပေါက်အကူအညီဖြစ်မှာ…” သမားတော်ကျီမှ သူ၏ရှည်လျားသောမုတ်ဆိတ်ဖြူကြီးကို ထိလျက်သုံးသပ်လာသည်။
ကျီကွမ်းသည်လည်း သူ၏ဆရာကဲ့သို့ပင် ပို၍စိတ်အားထက်သန်စွာဖြင့် အံ့ဩတကြီးပြောလာသည် “ ဟုတ်တယ် ဆရာ… သည်ဟာနဲ့ဆို လူနာတွေကိုစောင့်ရှောက်ဖို့ ပိုပြီးလွယ်ကူသွားမှာ… အထူးသဖြင့် အမြဲတမ်းထချင်နေတဲ့ အမျိုးသမီးလူနာတွေပဲ… သည်လိုဆို သူတို့ရဲ့ဆွေမျိုးတွေအတွက်လည်း အရမ်းပင်ပန်းခက်ခဲရတယ်လေ…အဲ့သည့်အချိန်တွေဆိုရင် ကျွန်တော်က ဘာမှမလုပ်ပေးနိုင်တော့ သူတို့ရုန်းကန်နေတာကိုကြည့်နေရရုံနဲ့တင် လန့်နေတာ…”
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...