19 ( Z )

220 6 0
                                    

ကုန်ဆုံးတော့မည့် မိုးရာသီ၏ အနှောင်းပိုင်းတွင် ညနေဘက်တွေက အနည်းငယ်အအေးပိုလာသည်။ လေဟုန်ကိုဆန်တိုးလျက် ရွေ့လျားနေသည့် စက်ဘီးပြာလေးထက်တွင် လွန်းသု ဟန်ထူး၏ခါးကိုတင်းနေအောင် ဖက်ထားမိသည်။

"ဟန်ထူး ပင်လယ်ကမ်းနားဘက်သွားကြမလား"

"ဘာလုပ်မလို့လဲ"

"မရောက်ဖြစ်တာ ကြာပြီလေ နော်"

နောက်မှခေါင်းလေးစောင်းကာ လှမ်းပြောတော့ ဟန်ထူးက ဘာမှမပြောတော့ပဲ စက်ဘီးလက်ကိုင်ကို ပင်လယ်ဘက်သို့ဉီးတည်ကာ လှည့်တော့သည်။ လွန်းသုကျေနပ်စွာ မျက်လုံးများမှိတ်နေအောင်ထိ ပြုံးလိုက်တော့သည်။

"ဝါးးးးးးးးး အားးးးးး ဟားးးးးးးးးး"

ပင်လယ်ကိုမြင်သည်နှင့် ဖိနပ်ချွတ်ကာ အပြေးသွားသည့်လွန်းသုကို ဟန်ထူးလက်ပိုက်ကာ ကြည့်နေမိသည်။

"ညောင်ညောင် ရေကူးလို့မရဘူးနော်။ ညနေစောင်းနေပြီ"

အဝေးမြှမင်ရသည့် လွန်းသုသေးသေးလေးက ခေါင်းညိတ်ပြသည်။ သို့သည့်တိုင် ခြေသလုံးထိ ပင်လယ်ရေထဲ မြုပ်နေပြီပင်။

"ဟန်ထူး ဒီလာခဲ့"

လွန်းသုက လက်ယက်ခေါ်တော့ ဟန်ထူးခေါင်းသာခါပြလိုက်သည်။ လွန်းသုက စိတ်မရှည်တော့ပုံဖြင့် အပြေးလာကာ ဟန်ထူးကိုလက်မောင်းကနေ ဆွဲခေါ်လာသည်။
ပြီးနောက် သဲပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဟန်ထူးကိုပါ အတင်းထိုင်ခိုင်း၏။ လွန်းသုနှင့်နေရခြင်းမှာ ကလေးထိန်းနေရသလိုပင် ဖြစ်တော့သည်။

"ငါ ပင်လယ်ပြာကြီးရယ် ကောင်းကင်ပြာကြီးရယ်ကို အရမ်းသဘောကျတယ်။ ဘာလို့လဲမင်းသိလား"

"မသိဘူး"

လွန်းသု သူဆံပင်များလေ၏ပယောဂကြောင့် လွင့်လူးနေပြီး အပြုံးများက မျက်နှာပေါ်တွင် ပေါပေါသီသီဖြစ်ထွန်းနေကာ ပယင်းရောင်မျက်လုံးတွေက ဟန်ထူးဘက်သို့လှည့်ကြည့်လာသည်။ ထိုမျက်လုံးတွေမှာ ဟန်ထူး၏အနာဂါတ်တွေ ရှိနေသည်။ ထိုအပြုံးတွေတွင် ဟန်ထူး၏ ဘဝအစိတ်အပိုင်းတွေကို တွေ့နေရသည်။ ထိုအရာတွေက လွန်းသုကိုဘာလို့ချစ်မိခဲ့တာလဲ ဆိုသည့် အကြောင်းပြချက်တွေပင်ဖြစ်သည်။

- A Cat In My Life -Where stories live. Discover now