ဧည့်ခန်းအဝင်က လျော့တိလျော့ရွဲ ရွက်လှပန်းတစ်အိုးဟာ ယိမ်းယိုင်စွာအိမ်ပြန်လာတဲ့ ခြေလှမ်းတွေကို လှောင်ပြုံးနဲ့နှုတ်ဆက်လို့ ခပ်သဲ့သဲ့ရယ်တယ်။
ညစဥ်ညတိုင်းလိုမှာ 'ပြန်ရောက်ပါပြီ'လို့ ခေါ်အော်ပြောစရာမရှိနေကြ လူတစ်ယောက်ရဲ့ဘဝထဲ ဝင်လာပြီး၊နှုတ်မဆက်ဘဲ ထွက်သွားသူရယ် ဘယ်အရပ်မှာများလဲတဲ့...
ခွဲခွာခြင်းရဲ့ပြေးလမ်းနံဘေးက ပလက်ဖောင်းမှာ ချန်ရစ်ခဲ့ရဦးမယ့် အသည်းနှလုံးအကြောင်း တွေးဆမိတဲ့အခါ အိပ်မပျော်ညတွေ တဖန်ပြန်လည်တော့မယ့်အတွက်ပါ ဂျယ်ယွန်း ရင်တွေမောရပြန်ပါတယ်။
၁၁ရက်....
အီသန် သူ့ကိုနှုတ်မဆက်ဘဲ ကျောခိုင်းခဲ့တာဟာ အခုဆို ၁၁ရက်မြောက်နေ့တောင်ရှိခဲ့ရပြီ။
လူတစ်ယောက်ကို လိပ်ပြာသန့်သန့်နဲ့ ချန်ရစ်ထားခဲ့ရတဲ့ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ တခါတလေတော့လည်း ဂျယ်ယွန်း သိချင်စိတ်သိပ်ပြင်းပြမိပါတယ်။
ကျန်ရစ်ရသူတစ်ယောက်ရဲ့ လေဟာနယ်မှာ ထုံကျင်စွာ နေသားကျလွန်းပေးလိုက်ရတဲ့ ဘဝမျိုးကို အတော်လေးစိတ်ပင်ပန်းလွန်းလှပြီမို့။
ပုံမှန်အားဖြင့်တော့ ဂျယ်ယွန်းက စိတ်ခံစားချက်ကိုရှေ့တန်းတင်လွန်းသူတော့မဟုတ်လှပါ။
အခုချိန်မှာ လမ်းဘေးလေလွင့်ကြောင်လေးတစ်ကောင်လောက် လာကိုက်ရင်တောင် တစ်ဘဝလုံးစုတ်ပြတ်သတ်သွားရတော့မလို ရှိစုမဲ့စုအားအင်တွေ ဘယ်အရပ်ခိုပုန်းနေခဲ့လဲတောင် သံသယက ရှိစပြုလာရတော့တာ....။
ကုဋေ၈၀မကတဲ့ နျုရွန်တွေအလွန်က ဦးနှောက်ဆဲလ်များစွာဟာ ဘယ်ကစပြီးဖြေဆည်ရမလဲမသိလောက်အောင် ရှုပ်ထွေးလွန်းလာတဲ့ သိုးမွှေးချည်မျှင်တွေရဲ့ ညှိထွေးသံနဲ့အပြိုင် စုတ်ပြတ်အားနွဲ့လာတယ်။
ဟာလာဟင်းလင်းဖြစ်သွားခဲ့တဲ့ နှလုံးအိမ်မှာတော့ အနက်ရောင်ပြတင်းအိုတစ်ချပ်လိုမျိုး သက်ဆိုင်သူအလာ တိတ်တဆိတ်စောင့်မျှော်ရင်း အဲ့ဒီမိနစ်တွေထဲသာ သေဆုံးသွားရတော့မယ့်ဟန်ပါပဲ။
STAI LEGGENDO
Will I Ever See You Again? [Completed]
Fanfictionရှာဖွေနေမိတယ်။ ကံကြမ္မာသာ အမှန်တကယ် ရောင်ပြန်ဟပ်ခြင်းနဲ့ အလုပ်လုပ်ခဲ့ရင်တော့..၊ကန်ရေပြင်နား တိုင်တည်ခဲ့သလို ကျနော့်ကျောပြင်ဟာ သူ့အလာ ဝမ်းပန်းတသာ ရပ်စောင့်မိပါလိမ့်မယ်။