နွေဦးရာသီရဲ့ နေသာတဲ့နေ့တစ်နေ့မှာပေါ့။
သူ့ကို ကျွန်တော် စတွေ့ခဲ့တယ်။
• • • • •
အဲဒီနေ့က နွေဦးရာသီရဲ့ အငွေ့အသက်နဲ့ ဆန့်ကျင်လို့ သုန်မှုန်နေခဲ့မိတဲ့ ကျွန်တော်က ကျွန်တော့်အိမ်ရှေ့မှာ မိုးတိုးမတ်တတ်နဲ့ အမေ့ရဲ့ပန်းပင်တွေကို စိတ်မပါ လက်မပါ ရေဖြန်းပေးနေခဲ့တာ။
ဂိမ်းကစားလို့ကောင်းနေတုန်း အမေက သူ့ပန်းပင်တွေ ရေထလောင်းခိုင်းတာမို့ စိတ်ကမကြည်၊ ဒေါသကထွက်နဲ့ ကျွန်တော့်မျက်နှာက စူပုတ်ပုတ်ရယ်။
မှုန်မှိုင်းထုံထိုင်းနေတဲ့ ကျွန်တော့်ဒေါသတွေရဲ့နောက်မှာ ရမယ်ရှာမိတာက အမေ့ကိုလဲ မဟုတ်သလို ကျွန်တော့်ကိုယ်ကျွန်တော်လဲ မဟုတ်ပြန်ဘူး။ ကျွန်တော့်ဒေါသကြောင့် ဓားစာခံဖြစ်သွားရတာကတော့ သက်မဲ့ပစ္စည်းဖြစ်တဲ့ ကျွန်တော်ကိုင်ထားမိတဲ့ ရေပိုက်ကိုပဲ။
ဂိမ်းကစားနေကျလက်က ရေပိုက်ကို ဟိုယမ်း ဒီယမ်း လွှဲပစ်မိတဲ့အထိ ကျွန်တော့်စိတ်တွေကတော့ နွေဦးရာသီလိုပဲ ကဆုန်ပေါက်နေခဲ့ပြန်တယ်။
အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်စိရှေ့ကို ဘယ်ကနေဘယ်လိုမှန်းမသိ၊ အချိန်ကိုက်ဆိုသလို ရောက်ချလာခဲ့တာက မျက်စိစပါးမွေးစူးချင်စရာကောင်းလှတဲ့ သူ။
အညိုရောင်မျက်ဝန်းဖျော့တွေနဲ့ သူက ကျွန်တော့်ကို ခပ်တည်တည် စိုက်ကြည့်လို့။ လက်ထဲမှာလဲ ဆန်မုန့်ဘူးတစ်ဘူးနဲ့။
ပြီးတော့ ရုတ်တရက်ကြီး ပြောချလိုက်တာက "မင်းရေပိုက်နဲ့ ငါ့တစ်ကိုယ်လုံးကိုသာ ဖြန်းချသွားလိုက်ပါတော့လား" တဲ့။
လူကအလိုလို စိတ်တိုနေမိရတဲ့အထဲ ဘာမှန်းမသိဘဲ မျက်စိရှေ့ပေါ်လာတဲ့လူဆီကနေ ခနဲ့စကား အပြောခံလိုက်ရတော့ အပြစ်တင်ရမဲ့အစား ရုတ်တရက် ကြောင်အသွားမိတာက ဘာကြောင့်မှန်း မသိဘူး။
ခပ်ဆောင့်ဆောင့်လေသံနဲ့အတူ လုံးပြီး စူထွက်လာတဲ့ သူ့နှုတ်ခမ်းတစ်စုံက ရယ်ချင်စရာကောင်းနေပြန်တယ်။
ကျွန်တော့်ရေပိုက်ကြောင့် စိုသွားတဲ့ သူ့ခြေထောက်ရယ်၊ သူ့အင်္ကျီအပေါ်ပိုင်းရယ်၊ ကတိုက်ကရိုက်ဆန်လှတဲ့ အူကြောင်ကြောင် အနေအထားရယ်ကြောင့် ဒီအခြေအနေကြီးကို ဘယ်လိုတုံ့ပြန်ရမလဲ ကျွန်တော် အသည်းအသန် စဉ်းစားနေတုန်း သူက ကျွန်တော့်လက်ထဲကို ဆန်မုန့်ဘူးကြီး အတင်းထိုးထည့်ပေးလာတယ်။