လူတွေရဲ့ တစ်စုံတစ်ဦးအပေါ် စောင့်စားခြင်းဆိုတာမှာ ဘယ်အတိုင်းအတာအထိ မျှော်လင့်ချက်တွေ ပါဝင်နေလဲ ကျွန်တော် သိပ်သိချင်တာပဲ။ ကျွန်တော့်ရဲ့ စောင့်စားခြင်းဆိုတာကတော့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း၊ အဲဒီလေးရာသီစက်ဝန်းတွေထဲမှာပဲ တစ်စုံတစ်ယောက်ကို သတိရစိတ်တွေနဲ့အတူ ခံစားချက်ဆိုတာကပါ ပိတ်လှောင်နေပြီး တဝဲလည်လည်ဖြစ်လို့ နေ့စဉ်နဲ့အမျှ အဲဒီလူကို တွေ့ချင်တဲ့ စိတ်အဟုန်က အချိန်ပြည့်ကြီးစိုးနေတယ်လို့ပဲ ပြောရမလား။
နှစ်နှစ်တိတိ။ သူ့ကို မတွေ့ရတာ နှစ်နှစ်တိတိရှိခဲ့ပြီ။ အမိမြေကို ခြေချဖို့တောင် စိတ်ကူးမရှိပုံရတဲ့သူက ကျွန်တော် သူ့ကို သေလောက်အောင် လွမ်းနေတယ်ဆိုတာလဲ သိမယ်မထင်ဘူး။
မတူညီတဲ့အချိန်တွေကို အကြောင်းပြပြီး ကျွန်တော် ကျင့်သားရသွားအောင် အလွမ်းတွေကို ဖျောက်တယ်။ ဒါပေမဲ့ မတူညီတဲ့ အချိန်တွေကပဲ ကျွန်တော့်အလွမ်းဓာတ်ကို ပိုတိုးစေတယ်။
"ဟဲ့ ချွဲယောန်ဂျွန်း။ နင် ချွဲယောန်ဂျွန်းဟုတ်တယ်မလား။ ငါ ယွန်းမီနာလေ"
သူ မရှိတဲ့ ဆောင်းဦးရွက်ကြွေလမ်းမထက် ကျွန်တော်တစ်ယောက်တည်း လျှောက်နေရင်းမှာပဲ ကျွန်တော့်အနားကို ရောက်လာခဲ့သူက သူ မဟုတ်တဲ့ ယွန်းမီနာ ဖြစ်နေခဲ့တာပါပဲ။ အမှန်အတိုင်းပြောရရင် ယွန်းမီနာနဲ့ ပြန်တွေ့ရတာ ကျွန်တော် ဝမ်းမသာမိဘူး။
"နင်ကလဲဟယ်။ ငါဒီလောက်နှုတ်ဆက်နေတာကိုတောင် ပြန်နှုတ်ဆက်ဖော်မရဘူး။ ဒါနဲ့ ဘောမ်ဂယူရော နေကောင်းလား"
သူ(မ) ပါးစပ်ကနေ ဘောမ်ဂယူဆိုတဲ့ နာမည်ကို အကြားမှာပဲ ကျွန်တော် စိတ်ပျက်လာမိတယ်။ ထင်ထားတဲ့အတိုင်း ယွန်းမီနာက သူ့ကို ကြိုက်နေသေးတာပဲ။ ကျွန်တော် ဘာမှမပြောဘဲ နှုတ်ဆိတ်နေမိတော့ သူ(မ)က မထူးဆန်းသလို အနေအထားနဲ့ နှုတ်ခမ်းကိုရွဲ့လို့ ပခုံးနှစ်ဖက်ကို တွန့်ပြတယ်။ ပြီးတော့ ကျွန်တော့်ဘေးကနေ လိုက်ကပ်လျှောက်ရင်း ထပ်ပြောလာတာက။
"ငါလက်ထပ်လိုက်ပြီ သိလား။ နင်နဲ့ ဘောမ်ဂယူကော လက်မထပ်ကြသေးဘူးလား"