အထက်တန်းဒုတိယနှစ်ကို ရောက်လာခဲ့တဲ့အခါ သူနဲ့ကျွန်တော်ရဲ့ တွေ့ဆုံချိန်တွေက သိပ်ကို ရှားပါးလာခဲ့တယ်။
သူက သူ့ရဲ့ မျက်မှန်ကိုင်းကြီးကို ပင့်ပင့်ပြီး စာလုပ်လိုက်၊ ကျွန်တော်က ကျွန်တော့်ရဲ့ ဘာမှန်းမသိတဲ့ အရှုပ်ထုတ်ဇယားတွေနဲ့အတူ အူကြောင်ကြောင်နေ့ရက်တွေကို ဖြတ်သန်းလိုက်နဲ့ အချိန်တွေကုန်လာခဲ့တယ်။
သူနဲ့ကျွန်တော်ရဲ့ တွေ့ဆုံချိန်က မရှိသလောက်ရှားပါးလာတယ်ဆိုပေမဲ့ အကြောင်ဇယားတွေ မလုပ်ရတဲ့နေ့တွေဆို ကျွန်တော်က စိတ်ရူးပေါက်ပေါက်နဲ့ သူ့မျက်မှန်အောက်က မျက်ဝန်းညိုဖျော့ဖျော့တွေကို ထိုင်ငေးကြည့်နေမိတတ်တယ်။
အဲလိုအချိန်မျိုးဆိုရင် ကျွန်တော့်နဖူးကို သူ့လက်ညှိုးနဲ့ ခပ်ဆတ်ဆတ်တောက်တတ်တဲ့သူက "ငတုံးကောင် အားနေလား။ အားနေရင်လဲ စာသွားကြည့်လေ။ ငါ့မျက်နှာမှာ စာတွေရှိနေရင်တော့ မင်းငါ့ထက် အမှတ်တွေကောင်းနေလောက်ပြီ" လို့လဲ ခပ်ချေချေမျက်နှာပေးနဲ့ ပြန်ပြောတတ်စမြဲ။
သူ့မျက်ဝန်းညိုတွေကို စာတွေလောက်တောင် စိတ်မဝင်စားမိတဲ့ ကျွန်တော်ကတော့ သူ့ရဲ့ ခပ်ချေချေအပြောတွေကို ဂရုမစိုက်မိတတ်သလို ဘာကြောင့် ဒီလိုဂရုမစိုက်မိသလဲဆိုတာကိုလဲ ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းပြန်ထုတ်ဖို့ မေ့နေခဲ့ပြန်တယ်။
"အားနေလို့ မင်းရဲ့မျက်တောင်မွှေးတွေကို ငါလိုက်ရေနေတာကွာ သိလား။ အဲဒါကြောင့် မျက်တောင်မခတ်စမ်းနဲ့ ဆန်မုန့်လုံး။ တကယ်ပဲ အရှိန်ပျက်လိုက်တာ"
သူ့အနားမှာ အကြောင်းပြချက်မဲ့ ကပ်နေမိတဲ့ အချိန်တွေတိုင်း သူ့မျက်တောင်တွေကို လိုက်ရေနေမိတာကလဲ ကျွန်တော့်ဝါသနာပါပဲ။ ကျွန်တော့်ရဲ့အပြောအောက်မှာ သူက တစ်ချက်တွေဝေသွားရင်း မျက်မှန်ကိုင်းကို ပင့်လို့ "ငတုံးကောင်" လို့ ပြန်ပြောတတ်တာကလဲ သူ့ဝါသနာဖြစ်ပုံရတယ်။
တကယ်ဆို ကျွန်တော်တို့ နှစ်ယောက်ကြားမှာ သံယောဇဉ်ဆိုတာ မရှိသလောက်ရှားတယ်လို့ဆိုရမယ်။
ရပ်ကွက်တူကိုမှ တစ်လမ်းပဲခြားပြီး အိမ်ချင်းနီးတယ်လို့ သတ်မှတ်လို့ ရပေမဲ့ အတူတူပြန်တဲ့နေ့ဆိုတာ မရှိဘူး။ စကားပြောဖြစ်တယ် ဆိုတိုင်းလဲ ရင်းနှီးနေတာမျိုး မဟုတ်ပြန်ဘူး။ လျှောက်နေတဲ့လမ်းတွေ တူနေခဲ့ရင်တောင် ဒါကတိုက်ဆိုင်မှုတစ်ခုလို့ ခပ်ပေါ့ပေါ့တွေးရင်း နှစ်ယောက်လုံးက ကိုယ့်လမ်းကိုယ် သွားလိုက်ကြတာမျိုး။