ဂျွန်းဂျွန်းနီးသို့..#
ငါ့ဘဝမှာ သူစိမ်းတစ်ယောက်ကို စာပေးဖူးတာ ဒါပထမဆုံးပါပဲ။ လူချင်းတွေ့ပြီး ပြောလို့ရပေမဲ့ ငါ့ဘက်က အဲလောက်ထိ အတင့်ရဲဖို့ မဖြစ်နိုင်လို့ စာပဲ ရေးပေးလိုက်တာပါ။
ဒီစာကို ဖတ်ပြီးသွားရင်တော့ ငါ့ခံစားချက်တွေကို မလှောင်ပြောင်ဖို့ ငါတောင်းဆိုပါရစေ။ တကယ်တမ်းပြောရမယ်ဆိုတော့လဲ ဘယ်ကစပြောရမှန်း ငါတကယ်မသိတော့ဘူး။ မင်းကို စတွေ့ခဲ့တဲ့အချိန်ကစပြီး ငါ့ဘက်က သဘောကျသွားခဲ့တာကိုလား။ ဒါမှမဟုတ် မင်းကိုသဘောကျနေခဲ့တာကြာပြီလို့ ပြောရမလား။ ဒါမှမဟုတ် မင်းရဲ့အရာရာတိုင်းကို ငါသဘောကျနေခဲ့တာလို့ပဲ ပြောရမလား။ အင်း။ ဒါမှမဟုတ် ငါက ဂေးဆိုတာကနေ စပြောရမလား။ ဘာပဲဖြစ်ဖြစ် မင်းကို ငါ့ဘက်က သဘောကျနေခဲ့တာကြာပြီဆိုတာ မင်းသိစေဖို့ ရည်ရွယ်မိတာပါပဲ။
မင်းဘက်ကတော့ ငါ့ကို ဘယ်လိုသတ်မှတ်ထားလဲ မသိပေမဲ့ ငါကတော့ မင်းကို တိတ်တိတ်လေးသဘောကျနေခဲ့တဲ့၊ မင်းသူငယ်ချင်း မဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတယ်။တကယ်လို့.. တကယ်လို့များပေါ့လေ။ မင်းဘက်ကသာ ငါ့ကို နည်းနည်းလေးဖြစ်ဖြစ် သဘောကျခဲ့မယ်ဆိုရင် ငါလန်ဒန်ကို မသွားခင်အချိန်လေးမှာ ငါ့ကို ခဏလေးဖြစ်ဖြစ် လာတွေ့ပေးဖို့ တောင်းဆိုပါရစေ။
အကယ်၍များ အင်း..မင်းဘက်က ငါ့ကို အစကတည်းက လုံးဝသဘောမကျခဲ့ဘူး၊ ငါနဲ့လဲ ခံစားချက်ချင်း မတူညီဘူးဆိုရင်တော့ လာမတွေ့လဲရပါတယ်။ အဲဒီအတွက် ငါက မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မိရင် ဒီကနေတစ်ဆင့်ပဲ တောင်းပန်ချင်ပါတယ်။
ချွဲဘောမ်ဂယူ..#
~~~~~
စာရွက်ထဲက စာကြောင်းတွေကို အလွတ်ရလောက်တဲ့အထိ ကျွန်တော်ထပ်ခါထပ်ခါဖတ်တယ်။ အခုန်မြန်လာတဲ့ ကျွန်တော့်ရင်ခုန်သံတွေနဲ့အတူ ပါးပြင်နှစ်ဖက်မှာ မျက်ရည်စီးကြောင်းတွေက နေရာယူလာတော့တယ်။ ကျွန်တော့်ရဲ့ အဲဒီမျက်ရည်တွေက နှလုံးသားဆီက လာတဲ့ နာကျင်မှု၊ ယူကျုံးမရဖြစ်မှုကြောင့် ကျလာမိတဲ့ မျက်ရည်တွေပဲ ဖြစ်မယ်ထင်ပါတယ်။