ဆိုးလ်ကနေ တစ်နာရီခွဲလောက် ကားမောင်းထွက်လာပြီး မကြာခင်မှာပဲ ကျွန်တော်သွားချင်တဲ့ မြို့ရဲ့ ကမ်းခြေတစ်နေရာကို ရောက်လာပါတော့တယ်။
ရာသီဥတုက နွေနှောင်းပိုင်းကို တဖြည်းဖြည်း ဦးတည်လာပြီဆိုပေမဲ့ ထိန်းညှိနိုင်စွမ်းရှိသေးတဲ့ အပူချိန်ကြောင့် မျှတနေသလိုပဲ။
အမေ့ရဲ့ အပန်းဖြေစံအိမ်တစ်ခုရှေ့အရောက်မှာ ကားကို ရပ်လိုက်တော့ သူက စူးစမ်းလာတယ်။ ပြီးတော့ ကျွန်တော့်ကို မှင်သေသေနဲ့ မေးလာတယ်။
"မင်း သွားချင်တယ်ဆိုတာ ဒီနေရာလား"
"ဟုတ်တယ်။ ဒီအိမ်က အမေအရင်က နေခဲ့တဲ့အိမ်။ ဒါပေမဲ့ ငါလဲ တစ်ခါတလေ ဒီမှာ လာနေဖြစ်တယ်"
ကားပေါ်က ဆင်းပြီး အပန်းဖြေစံအိမ်တံခါးကို အမေပေးလိုက်တဲ့ သော့နဲ့ ဖွင့်နေတုန်းမှာ အနောက်ကနေ ရောက်လာပြီး တိတ်တဆိတ် အကဲခတ်နေပြန်တဲ့သူ။
"ဒီမှာနေမလို့တော့ မဟုတ်ဘူးမလား"
"နေမယ်ဆိုရင်ရော"
တံခါးကိုဖွင့်နေရင်း ကျွန်တော်လှည့်ပြောလိုက်တဲ့အခါ သူ့မျက်ခုံးတွေ စုကျုံ့ကုန်တယ်။ အံ့ဩဟန်ရှိနေပြီး မေးခွန်းထုတ်ချင်နေပုံလဲ ရပေမဲ့ သူနှုတ်ခမ်းတစ်စုံကတော့ တင်းတင်းစေ့ထားတုန်းပါပဲ။
"တစ်ရက်လောက်ပဲ ငါနဲ့နေပေးလို့ရမလား။ ငါလဲ သိပ်မကြာခင် ပါရီကို သွားရတော့မယ်ဆိုတော့လေ။ နောက်ပြီး ငါမသွားခင်လေးမှာတော့ မင်းအနားမှာပဲ ရှိနေချင်လို့"
"ချွဲယောန်ဂျွန်း"
"အိမ်ထဲဝင်ရအောင်"
ဒီအချိန်မှာ သူသာ ကျွန်တော့်ကို စကားဆက်ပြောလိုက်မယ်ဆိုရင် ကျွန်တော့်စိတ်တွေလွတ်ကုန်ပြီး တင်းထားသမျှ ခံစားချက်တွေအကုန်လုံး ဖွင့်ဟထွက်လာတော့မလားပဲ။
ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး နေလာခဲ့တဲ့ ကျွန်တော်က သူ့ကို ချစ်မြတ်နိုးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူ မဖြတ်သန်းချင်မိတဲ့အတွက် မာန်ကိုတင်းလို့ ခံစားချက်ကို ဂရုတစိုက်သိမ်းထားပြီးမှ ထုတ်ပြောပြမယ် စိတ်ကူးထားမိတာမျိုး။
![](https://img.wattpad.com/cover/374781400-288-k878366.jpg)