ဆယ်ကျော်သက်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ခံစားချက်တွေကြားမှာ ကျွန်တော်နဲ့ သူ့ရဲ့ခံစားချက်တွေက အဲဒီရှုပ်ထွေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တိမ်မြှုပ်ခဲ့ပုံရပါတယ်။
ကျွန်တော့်အသက် ၂၈။ အရာရာအပေါ်မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းအပြင် ထိန်းချုပ်နိုင်စွမ်းဆိုတဲ့ စိတ်ရဲ့ ရင့်ကျက်ခြင်းကိုပါ သယ်ဆောင်လာခဲ့တဲ့ ကျွန်တော့်ရဲ့ အရွယ်ရောက်ကြီးပြင်းလာမှုက နှလုံးသားနဲ့ ပတ်သက်လာရင်တော့ ရင့်ကျက်နိုင်စွမ်းမရှိသလို ထိန်းချုပ်နိုင်စွမ်းတွေပါ ကင်းမဲ့နေသလိုပါပဲ။
သူ့အကြောင်းတွေးမိတိုင်း ရင်ခုန်ရတယ်။ သူ့ကို လွမ်းမိတိုင်း ဆွေးရတယ်။ သူ့ကို သတိရမိတိုင်း နာကျင်ရတယ်။ ကျွန်တော့်တစ်နေ့တာက သူနဲ့သာ လည်ပတ်ရင်း သူ့ကိုလွမ်းတဲ့ ခံစားချက်စက်ဝန်းတွေနဲ့သာ သံသရာလည်နေပုံရသလို အချစ်ဆိုတဲ့အရာက ကျွန်တော့်အတွက် ဘယ်လိုအရာလဲ မသိခင်ကတည်းက သူက ကျွန်တော့်ရင်ထဲမှာ ဝင်ရောက်နေရာယူခဲ့ပုံရပါတယ်။
သူနဲ့ မတွေ့ဖြစ်တဲ့ သုံးနှစ်အကြာမှာ တစ်စတစ်စ ပြောင်းလဲလာတဲ့ အနာဂတ်ခရီးလမ်းကြောင်းကို ယိုယွင်းမသွားအောင် ဟန်မပျက် ဆက်လျှောက်ဖြစ်တယ်။ ဒါပေမဲ့ သူ မရှိတဲ့ ကျွန်တော့်အနာဂတ်ကတော့ ဟန်ပျက်ရလောက်အောင် အထီးကျန်မြဲ ကျန်နေဆဲပဲ။
"ကိုယ်စားလှယ်ချွဲ"
ကုမ္ပဏီရဲ့ ရာထူးအကြီးပိုင်းနေရာကို ရောက်လာခဲ့တဲ့ ကျွန်တော်က အများလေးစားအားကျလောက်ရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပြီလား မတွေးတတ်ပေမဲ့ မမြင်နိုင်တဲ့ ရင်ဘတ်တစ်နေရာမှာတော့ အက်ကြောင်းရာလေးနဲ့ ရှိနေမိတဲ့ သာမန်လူတစ်ယောက်ဖြစ်နေခဲ့တာပါပဲ။
"ဒေးဗစ်ကင်မ်က ဒီနေ့ပဲ တွေ့ကြမယ်လို့ ပြောလာပါတယ်။ ကြားထဲမှာ Schedule တွေလဲ ရှိနေတော့ ဒေးဗစ်ကင်မ်နဲ့တွေ့ဖို့ဆိုရင် Schedule တွေ အကုန်လုံးကို ဖျက်ချမှ ဖြစ်မယ်ထင်ပါတယ်"
"အကုန်ဖျက်လိုက်တော့။ သူ့ကိုပဲ သွားတွေ့ကြတာပေါ့"
ပန်းချီဆရာ ဒေးဗစ်ကင်မ်ဆိုတာက တွေ့ချင်တဲ့အချိန်တိုင်း တွေ့လို့ရနိုင်တဲ့ လူပုဂ္ဂိုလ်မဟုတ်တာမို့ ကိုရီးယားကို ပြန်လာဖြစ်တုန်းလေး စီစဉ်ထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ ပြင်ရတော့တယ်။