လေအဝှေ့မှာ လက်ဖဝါးထက် သက်ဆင်းတင်ကျန်လာတဲ့ ချယ်ရီပွင့်ဖတ်လေးတစ်ဖတ်ကို ကျွန်တော် ဒီအတိုင်းပဲ ကြည့်နေမိတယ်။
ချယ်ရီတွေကြွေတဲ့ နွေဦးကို ရောက်နေပြီဆိုပေမဲ့ ချယ်ရီတွေက ကျွန်တော့်အတွက်တော့ မနှစ်မြို့ချင်စရာ အတိတ်ဆိုးနဲ့ဆင်တူပါတယ်။
ဒေးဗစ်ကင်မ်နဲ့တွေ့ပြီးနောက်ပိုင်းမှာ ကျွန်တော် သူ့ကိုလဲ ထပ်မတွေ့ရတော့ဘူး။ သူက ကျွန်တော့်ဆီကိုလဲ ထပ်မလာခဲ့သလို ကျွန်တော်ကလဲ သူ့ဆီသွားဖို့အရေး တွန့်ဆုတ်နေခဲ့မိတဲ့အတွက်။
သူစိမ်းသာသာဖြစ်နေပြီဖြစ်တဲ့ ဆက်ဆံရေးကြား ကျွန်တော်ကိုယ်တိုင်က ရှေ့လဲမတိုးသာသလို နောက်ဆုတ်ဖို့လဲ ခက်နေရပြန်တယ်။
သူ့ကို တွေ့ချင်ပေမဲ့ ကျွန်တော်တို့ကြား ဆက်သွယ်ဖို့ရာ ဘာဆိုဘာမှ ရှိမနေခဲ့ခြင်းက သူ့ဆီလှမ်းရမဲ့ ကျွန်တော့်ခြေလှမ်းတွေအတွက် ထပ်ဝေးစေဖို့ အကြောင်းဖန်နေသလိုပါပဲ။
သူပြန်လာတာနဲ့ ကျွန်တော့်ခံစားချက်တွေကို သူသိအောင် ထုတ်ပြဖို့ စိတ်ကူးထားတဲ့အတွေးတွေက ဘေးလူပါလာတာနဲ့အမျှ တဖြည်းဖြည်း သေးသိမ်သွားလို့ လက်တွေ့ဖြစ်မလာခဲ့ခြင်းအပေါ် ကျွန်တော့်မှာ ရင်မောမိရပြန်ပါတယ်။
သက်ပြင်းချပြီး လက်ဖဝါးပေါ် ကပ်တွယ်နေတဲ့ ချယ်ရီပွင့်ဖတ်ကြွေကို မှုတ်ထုတ်ဖို့အလုပ်မှာပဲ ကျွန်တော့်မျက်စိရှေ့ကို ရုတ်တရက် ရောက်လာတဲ့သူ။
သူက ကျွန်တော့်အတွက် အမြဲလိုလို အံ့အားသင့်စေ၊ မှင်တက်စေမိတဲ့ လူတစ်ယောက်ဖြစ်နေတုန်းပါပဲ။
"ဆန်မုန့်လုံး"
သူက ကျွန်တော့်လက်ဖဝါးပေါ်က ချယ်ရီပွင့်ဖတ်ကြွေကို လက်ညှိုးနဲ့လက်မကိုအသုံးပြုလို့ ညင်ညင်သာသာ ကောက်ယူပြီး ဖယ်ရှားခြင်းပြုတယ်။ အဲဒီနောက် ကျွန်တော့်ကို ခပ်တည်တည် မော့ကြည့်လာတယ်။
သူ့မျက်ဝန်းညိုတွေကို စူးစိုက်ကြည့်လို့ အဖြေရှာမရခင်မှာပဲ သူက ကျွန်တော့်ကို အပြုံးလို့ မဆိုနိုင်တဲ့ အပြုံးတစ်ပွင့်နဲ့ ချွေးသိပ်ပြန်တယ်။