မှောင်ရီပျိုးစပြုနေတဲ့ ညခင်းအချိန်အခါကို ရောက်လာတဲ့အထိ ကျွန်တော်တို့နှစ်ယောက်လုံးက အပန်းဖြေစံအိမ်မှာ ရှိနေတုန်းပါပဲ။ ဆိုးလ်ကို ပြန်ဖို့အတွက် ဘယ်သူ့ဘက်ကမှ စပြီးမပြောတော့သလို ဘာလို့မပြန်ဖြစ်လဲဆိုတဲ့အပေါ်မှာလဲ ကျွန်တော်ရော သူပါ မေးခွန်းပြန်မထုတ်ဖြစ်ကြတော့ဘူး။
အမေထည့်ပေးလိုက်တဲ့ ကင်မ်ချီတွေနဲ့ အပန်းဖြေစံအိမ်မှာ အသင့်ရှိနေတဲ့ ခေါက်ဆွဲထုပ်တွေက ကျွန်တော်တို့နှစ်ယောက်ရဲ့ ညစာအတွက် အတန်အသင့် အဆင်ပြေသွားတယ်ဆိုရမယ်။
ညစာစားပြီးသွားတာနဲ့ သူက ဧည့်ခန်းထဲမှာ ကျန်နေခဲ့တဲ့ စက္ကူဘူးကို သွားယူတယ်။ သူ့အနားကနေ ခဏလေးတောင် မခွာချင်တဲ့ ကျွန်တော့်အဖြစ်ကလဲ သူဘယ်သွားသွား နောက်ကနေ တကောက်ကောက်လိုက်နေမိတဲ့ အဖြစ်ပါပဲ။
"ပါရီက ဘယ်အချိန်သွားမှာလဲ"
ကျွန်တော်ပေးထားတဲ့ စက္ကူဘူးကို သူ့လက်တစ်စုံမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း အမေးရှိလာပုံက စိုးထိတ်မှုများစွာ ကိန်းအောင်းနေတဲ့ဟန်ကို ပေါ်လွင်စေတယ်။ သူက သူ့ရဲ့မျက်ဝန်းညိုဖျော့ဖျော့တွေကို ကျွန်တော့်မျက်ဝန်းတွေနဲ့ မဆုံမိအောင် တမင်လုပ်ယူလို့ ခပ်လွှဲလွှဲနေတယ်။ ဒါပေမဲ့ အဲဒီမျက်ဝန်းညိုတွေထဲက ဝမ်းနည်းရိပ်တွေကို သူ့ဘက်က ထုတ်မပြရင်တောင် သူ့မျက်နှာအရိပ်အကဲကြည့်ရုံနဲ့ ကျွန်တော်ကိုယ်တိုင်က ခံစားမိနေရတာမျိုးပါပဲ။
တစ်ယောက်အပေါ် တစ်ယောက်ထားမိတဲ့ ခံစားချက်တွေကို ကိုယ်စီနားလည်သွားတဲ့အချိန်မှာ ဖြစ်လာတဲ့ ဝမ်းနည်းနာကျင်မှုတွေက ခံစားချက်တွေကို အပြန်အလှန်နားမလည်ခင်တုန်းက ဖြစ်လာတဲ့ လွမ်းဆွတ်နာကျင်မှုတွေထက် ပိုပြင်းထန်လို့ ခံရခက်လှပါတယ်။
ကျွန်တော်တို့နှစ်ယောက်ကြားက သံယောဇဉ်ကြိုးမျှင်လေးကို သူနဲ့ ကျွန်တော် ခဏတာ ဝေးရတဲ့အခါမျိုးမှာ သတိရခြင်းတွေနဲ့ သိမ်းထားရမဲ့အစား အနားမှာသာ အပါးတော်မြဲလို့ တရစ်ရစ်နှောင်ဖွဲ့စေချင်မိတာက ကျွန်တော့်ဆန္ဒတစ်ရပ်ပါပဲ။