ဆိုးလ်ကို ပြန်ရောက်သွားရတဲ့ နေ့ရက်တွေက ကျွန်တော့်အတွက် ပူလောင်မွန်းကြပ်လွန်းသလို ခံစားရတယ်။
ပါရီကို သွားဖို့ ပြင်ဆင်နေရသလို တစ်ဖက်မှာလဲ ကျွန်တော်က သူ့ကို မရမက အချိန်ပေးပြီး သွားတွေ့ဖြစ်တာပါပဲ။
တွေ့ဖြစ်တဲ့အခါတိုင်းမှာလဲ ကျွန်တော့်မှာ သူနဲ့ မခွဲချင်လို့ စိတ်ဒုက္ခရောက်ရပြန်တယ်။ အဲလိုအချိန်မျိုးဆိုရင် မရေတွက်နိုင်တဲ့ အနမ်းအကြိမ်ရေတွေနဲ့အတူ သူက ကျွန်တော့်ကို တစ်ဖန်ပြန်နှစ်သိမ့်တယ်။
လည်ပတ်နေတဲ့ အချိန်ကာလကြားမှာ ကျွန်တော်နဲ့သူက ခံစားချက်တွေကို မျှဝေယူရင်း တိတ်တဆိတ်နဲ့ အချိန်တွေ ကုန်ဆုံးမိရတယ်။
"မနက်ဖြန် လေဆိပ်ကို လိုက်မပို့တော့ဘူး။ ပါရီရောက်မှ ဖုန်းဆက်လိုက်။ အဆင်ပြေတယ်မလား"
"အဆင်မပြေဘူးဆိုရင်ရော ဘာလုပ်ပေးမှာလဲ"
"ဘာမှလုပ်ပေးလို့ မရဘူးလေ။ နမ်းချင်ရင် အခုကတည်းက တဝကြီးနမ်းထား။ ပါရီရောက်သွားရင် တစ်နှစ်ကြီးများတောင် မနမ်းဘဲ နေရမှာ"
ကျွန်တော့်ကို စေ့စေ့ကြည့်ရင်း ပြုံးစစနဲ့ ပြောလာတဲ့ သူ့အမူအရာလေးက ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ချစ်ခင်မြတ်နိုးစရာ အပြုအမူလေးဖြစ်နေခဲ့တာပါပဲ။
ချစ်စနိုးနဲ့ သူ့ပါးတစ်ဖက်ကို ဆွဲလိမ်လိုက်တော့ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကပါ စူထွက်လာတော့တယ်။
တစ်ဆိတ်။ ကျွန်တော့်ရဲ့ ဆန်မုန့်လုံးလေးက သိပ်ချစ်စရာကောင်းနေတာ မဟုတ်ဘူးလား။
"ပါရီကို မသွားချင်တော့လို့ ဘယ်လိုလုပ်ရမလဲ"
"ပါရီကို သွားချင်လာအောင်အထိ နမ်းပေးမယ်လေ။ အဲဒါဆို ရလောက်လား"
ဆန်မုန့်လုံးလို့ ချစ်စနိုးနဲ့ခေါ်မိတဲ့ သူ့မှာ ဒီလိုရဲတင်းတဲ့အပြောလေးတွေ ရှိနေတာကိုလဲ ကျွန်တော်က ချစ်မိရပြန်တယ်။
အကယ်၍များ ၁၇ နှစ်အရွယ်မှာကတည်းက သူ့ကို ချစ်မိကြောင်း ကိုယ့်စိတ်ကိုယ် သိခဲ့မိရင် ဘယ်လောက်ကောင်းလိုက်မလဲ။