နေ့တစ်နေ့ရဲ့ လှုပ်ရှားသက်ဝင်မှုတွေက အလုံးစုံ ရုပ်လုံးကြွလာခြင်းမရှိသေးတဲ့ မနက်လေးနာရီမှာ ကျွန်တော် နိုးလာတယ်။ တကယ်တော့ မနက်လေးနာရီမှာ နိုးလာတယ်လို့ ပြောမဲ့အစား တစ်ညလုံးမအိပ်ရသေးတာလို့ ပြောရင်တော့ ပိုမှန်လိမ့်မယ်ထင်ပါတယ်။
မီးဖိုခန်းထဲ ဝင်လို့ တိတ်တဆိတ် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတုန်းမှာပဲ နိုးကြားလွန်းတဲ့ အမေက ကျွန်တော်ရှိနေတဲ့ မီးဖိုခန်းထဲဝင်လာရင်း ကျွန်တော့်ဆီ အကြည့်ရောက်လို့ ခေါင်းကို အသာယမ်းတယ်။
"သား တကယ်ပဲ လက်မလျှော့တော့ဘူးလား"
အမေ့ရဲ့ စကားအသွားအလာက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော်သိပေမဲ့ စိတ်မဆိုးမိဘဲ အမေ့ကိုသာ ပြုံးပြဖြစ်တယ်။
"ကျွန်တော် သူ့ကို ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးဘူး အမေ"
"အမေ့ကို စိတ်ဆိုးနေတုန်းလား"
"စိတ်ဆိုးတယ်ဆိုတာထက် စိတ်မကောင်းဖြစ်တာပါ။ ကျွန်တော့်ကို မယုံကြည်သလို ခံစားရလို့လေ"
အမေ့ရဲ့မျက်နှာမှာ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ခြင်းတွေ ပေါ်လွင်နေတယ်။ အမေက သက်ပြင်းတစ်ချက်ချရင်း ကျွန်တော်ပြင်ဆင်ထားတဲ့အရာတွေကို တစ်ခုချင်းစီလိုက်ကြည့်တယ်။
အတော်ကြာတဲ့အထိ အမေက ကျွန်တော့်ကို စကားပြန်မပြောတော့သလို ကျွန်တော်ကလဲ ပြင်ဆင်ထားသမျှ ပြီးဖို့အတွက် အာရုံစိုက်နေမိတော့ ကျွန်တော်တို့ကြားမှာ ပြောစရာစကားထပ်မရှိတော့သလို လေထုအခြေအနေကအစ တိတ်ဆိတ်သွားတယ်။
ဒါပေမဲ့ အဲဒီတိတ်ဆိတ်မှုတစ်ရပ်ကို အမေက တစ်နည်းနည်းနဲ့ ဖြိုခွင်းပစ်ဖို့ ကြိုးစားနေမှန်း ကျွန်တော်ရိပ်မိတဲ့အတွက် အမေ့ကို နားလည်ပေးပြီး အမေ့ဆီက ပြောလာမဲ့ စကားတွေကိုသာ စောင့်နေမိတော့တယ်။
ပြင်ဆင်စရာရှိတာမှန်သမျှ အကုန်ပြင်ဆင်ပြီးသွားတဲ့အခါ စားပွဲတင်နာရီကို တစ်ချက်ကြည့်မိတော့ မနက်ခြောက်နာရီ။
အဲဒီအချိန်မှာပဲ အချိန်ကိုက်ဆိုသလို အမေ့ဘက်က စကား ပြန်စလာတယ်။