ကျွန်တော့်အသက် ၂၅ နှစ်မှာ လုပ်ငန်းခွင်ဆိုတဲ့ နယ်ပယ်ကြီးထဲကို ခြေမချချင်လဲ ခြေချခွင့်ရလာရတယ်။ ငယ်ငယ်ကတည်းက ငါဆိုတဲ့ ချွဲယောန်ဂျွန်းက ကြီးလာရင် ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်လဲ မရှိတာကြောင့် ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ Professional Career ဆိုတာက အဖေ့ကုမ္ပဏီမှာ အလုပ်အေးဆေး ဝင်လုပ်လိုက်တာပါပဲ။
အချိန်တန်ရင် ရှယ်ယာအများဆုံးဖြစ်တဲ့ ကျွန်တော့်အဖေရဲ့နေရာကို ကျွန်တော်ရောက်လာရမှာပဲဆိုတော့ ဦးနှောက်ချောက်ခံပြီး စဉ်းစားမနေတော့ဘူးလေ။ ရေကန်အသင့်၊ ကြာအသင့်ရှိနေတဲ့ နေရာကိုပစ်ပြီး တခြားလမ်းကြောင်းကို ရွေးဖို့ဆိုတာမျိုးက အစကတည်းက ကျွန်တော့်စိတ်ကူးထဲမှာကို ရှိမနေခဲ့တာ။
ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်ကုမ္ပဏီမှာ လုပ်ငန်းတာဝန်တွေနဲ့ အလုပ်ရှုပ်နေခဲ့သလောက် သူကတော့ လောဘတကြီးနဲ့ ပညာဆိုတဲ့အရာကြီးကို ကြိုးစားပမ်းစား သင်ယူနေတုန်းပဲ။
လန်ဒန်ကို ပညာတော်သင်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သူနဲ့ အဖေ့ရဲ့ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့ ဝင်လုပ်နေမိတဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံချိန်တွေက ဒီကြားထဲမှာ အဆက်အသွယ်မရှိတော့သလောက် နည်းသွားပြန်တယ်။
သူ့ဖုန်းနံပါတ်ရှိပြီး ဖုန်းဆက်ဖို့ ဝန်လေးမိတာက သူနဲ့ကျွန်တော့်ရဲ့ ခေါင်းစဥ်တပ်မရတဲ့ ဆက်ဆံရေးတစ်ခုကြောင့်လို့ ပြောရမယ်ထင်တယ်။ သူငယ်ချင်းအရင်းလဲ မဟုတ်သလို၊ သူစိမ်းလို့ ပြောဖို့ခက်တဲ့ ကျွန်တော်တို့ ဆက်ဆံရေးက ဖုန်းဆက်ပြီး သာကြောင်း၊ မာကြောင်း၊ သတိရကြောင်းမေးဖို့အတွက်တောင် ခဲယဉ်းနေခဲ့တာမျိုး။
ဖုန်းဆက်လို့ ရခဲ့ရင်တောင် နှစ်ဦးအကြားမှာ ပြောစရာစကားတွေ ထူးထွေပြီး ရှိမနေခဲ့တာမျိုး၊ ရင်ဖွင့်စရာ ရှိမနေခဲ့တာမျိုး။
သူကိုယ်တိုင်ရော ကျွန်တော့်လို တွေးမိနိုင်လားမသိပေမဲ့ သူ့ဘက်ကလဲ ကျွန်တော့်ကို ဆက်သွယ်လာခြင်း မရှိပြန်တဲ့အခါ ကျွန်တော့်အတွေးတွေက မှန်နေကြောင်း သက်သေပြနေပြန်တယ်။