နောက်တစ်နေ့တွင် ရှောင်တယ်သည် ပိုင်ရှန်းဝမ်နှင့်အတူ ပြန်လာသည်။ ရှန်သိုက်ကို ယန့်မင်ရှိုးနှင့် သူမ၏ ဓာတ်ပုံများကို စိတ်လှုပ်ရှားစွာ ပြသပြီးနောက် ထမင်းသွားချက်လေသည်။
ပိုင်ရှန်းဝမ်က ချိုးချိုးကိုသွားကြည့်၏။ ချိုးချိုးသည် နွေးထွေးသည့် အဖြူရောင် elm ဖီရိုမုန်းရနံ့ကိုရလိုက်သည်နှင့် တပြိုင်နက် နာခံပြီး ပျော်ရွှင်လာသည်။ သူ၏ မျက်လုံးများကွေးနေအောင်ပြုံးကာ တခစ်ခစ်ရယ်နေသည်။ သူ့လက်လေးများက စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းနေပြီး ပါးစပ်ကလည်း တစ်စုံတစ်ခုကို ဗလုံးဗထွေး ပြောနေသည်။
ချိုးချိုး နှင့် ခဏလောက်ကစားပြီးနောက် ပိုင်ရှန်းဝမ်သည် သူ့အနီးတွင်အာရုံလွင့်ကာငူငူကြီးထိုင်နေသည့် ရှန်သိုက်ကို သတိပြုမိသွားသည်။ ရှန်သိုက်၏ မျက်လုံးရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းပြီး နူးညံ့စွာပြောလိုက်၏။
"မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား"
ရှန်သိုက်အာရုံ ပြန်ရလာသည်။ သူသည် သမ်းဝေပြကာ ခါးသက်သက်ပြုံးရင်း
"အကျင့်ဖြစ်နေပါပြီ"
"ညဆိုင်းဆရာမ တွေ့ပြီလား"
"အေဂျင်စီက အကြံပြုထားတာ သုံးယောက်ရှိတယ်။ ဒီနေ့ သူတို့ကို အင်တာဗျူးဖို့ စီစဉ်ထားတယ်"
"မင်းမှာ ကလေးထိန်းတစ်ယောက်ရှိရင် ကောင်းလိမ့်မယ်။ မင်းဒီလို ဆက်တိုက်ပင်ပန်းနေလို့မဖြစ်ဘူး။ ကျန်းမာရေးကို အရမ်းထိခိုက်တယ်"
ရှန်သိုက်က ခေါင်းညိတ်ပြလိုက်ပြီး
"ကလေးထိန်းရောက်လာရင် အဆင်ပြေသွားမှာပါ။ ကလေးမွေးပြီးကတည်းက ကျွန်တော်စာတမ်းရေးတာ ရှေ့မရောက်တော့ဘူး"
ပိုင်ရှန်းဝမ် က ချိုးချိုး ရဲ့ ရင်ဘတ်လေးကို ညင်သာစွာ ပုတ်ရင်း ပြောလိုက်သည်။
"မင်းအသက်သုံးလရှိပြီ၊ မင်း ပိုရင့်ကျက်လာရမယ်နော်။ မင်း ပါပါးကိုပင်ပန်းအောင်မလုပ်နဲ့နော်"
ရှန်သိုက်က ပြုံးပြီး
"မင်းရဲ့ ဖီရိုမုန်းတွေကြောင့် ချိုးချိုး က အရင်ကထက် အများကြီးထိန်းရ ပိုလွယ်လာတယ်"