ချွီမော့ယွီ သွက်သွက်ခါသွားသည်။ ရင်တုန်တာ သက်သာစေရန်အသက်ပြင်းပြင်းရှုလိုက်သည်။
"ဘယ်ဆေးရုံလဲ" ဟု အသံတိုးတိုးဖြင့် မေးသည်။
"......"
"မား၊ သူဘယ်ဆေးရုံမှာလဲ"
ချွီမော့ယွီသည် အရွယ်ရောက်ပြီးကတည်းက တစ်စုံတစ်ဦးအား ယခုလိုနူးညံ့သိမ်မွေ့သောလေသံကို အသုံးပြုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည် သူ့အမေအပါအဝင်ပေါ့။
"မင်းဘာဖြစ်ချင်နေတာလဲ၊ ဒါ အသေးစားခွဲစိတ်မှုတစ်ခုပဲလေ။ သူအဆင်ပြေမှာပါ။ နောက်ဆက်တွဲဆေးကုသဖို့ကိုလဲ ငါစီစဉ်ပြီးပြီ။ သူ့ကို လျော်ကြေးပေးပြီးပြီ။မင်း နောက်ထပ်စိတ်ပူနေစရာ မလိုတော့ဘူး"
ချွီမော့ယွီ က အံကြိတ်ကာ ဒေါသကို မျိုသိပ်ရင်း "အမှတ်အသားမရှိတော့ရင်တောင်မှ သူက ကျွန်တော့်ရဲ့ အိုမီဂါဖြစ်နေတုန်းပဲ။ ဒါက ကျွန်တော်တို့ကြားကကိစ္စ။ မား ဝင်မပါပါနဲ့။"
"မင်းရဲ့အကျိုးအမြတ်အတွက် ငါလုပ်နေတာ။ မင်း ရှောင်ချူ နဲ့ စေ့စပ်ထားပြီးသား။ ချိုးမိသားစုကို မင်းဘယ်လိုရှင်းပြမလဲ"
မစ္စချွီ ကဂရုမစိုက်သောအမူအရာဖြင့်
"ပြီးတော့ အခု သူကမင်းကိုတွေ့ချင်နေတယ်လို့ထင်နေတာလား"
"ကျွန်တော်...."
"ဒီလို အရေးကြီးတဲ့ စေ့စပ်ပွဲမှာ မင်းထွက်သွားရင် သိပ်ကို မရိုးသားတဲ့ပုံပေါ်သွားမယ်။ ချိုးမိသားစုနဲ့ပေါင်းစည်းမယ့်ဒီအိမ်ထောင်ရေးက ကုမ္ပဏီရဲ့ ငွေကြေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်အဓိကပဲ။ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ငါမင်းကို သင်ပေးနေရဦးမှာလား"
မစ္စစ်ချွီက သွယ်ဝိုက်ပြီး ပြောလိုက်သည်။ သူ့သားကို ကြည့်ပြီး
"မင်း စိတ်ခံစားချက်နောက်လိုက်လို့မရဘူး၊ဟုတ်ပြီလား"
ချွီမော့ယွီ တုန်လှုပ်ချောက်ချားပြီး စကားမပြောနိုင်ပေ။မစ္စချွီပြောတာ မှန်ပေ၏။ အိမ်ထောင်ရေးကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်စေဖို့ တစ်ယောက်ယောက်က သူ့အတွက် သူမဖြေရှင်းနိုင်တဲ့ရှန်သိုက်ရဲ့ကိစ္စကို ဖြေရှင်းပေးခဲ့လို့ သူပျော်နေသင့်သည်။ သူသွားရမယ့်နေရာက စေ့စပ်ပွဲခန်းမသို့ဖြစ်ပြီး သူလုပ်ရမှာက ချိုးယောက္ခမတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်ဖို့ပင်။ ရှန်သိုက်ထံသို့ စိတ်မြန်လက်မြန် မသွားသင့်ပေ။