"ကိုယ် မင်းကို တောင်းပန်ပါတယ်"
ရှန်သိုက် အံ့အားသင့်သွားသည်။ ချွီမော့ယွီ၏ ပထမဆုံးစကားမှာ တောင်းပန်စကားဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ချွီမော့ယွီထံမှ ထိခိုက်နစ်နာစေသော စကားလုံးများ သို့မဟုတ် လုပ်ရပ်များကို အားတင်းကာရင်ဆိုင်ရန် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။
"ကိုယ်တို့ လန်ချန်မှာရှိတုန်းက ကိုယ်လွန်ကဲတဲ့အရာတွေပြောခဲ့ လုပ်ခဲ့မိတယ်။ အဲဒါက ကိုယ့်ရဲ့ ရည်ရွယ်ချက်အမှန်မဟုတ်ပါဘူး။ ကိုယ်ဒေါသထွက်ပြီး စိတ်လွတ်သွားလို့ပါကွာ"
ချွီမော့ယွီ ရှန်သိုက်ကို ရိုးသားသည်ဟု ပြောလို့ရသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ရှန်သိုက်ခဏလောက်စဉ်းစားပြီး အသာအယာခေါင်းညိတ်လိုက်၏။ တောင်းပန်မှုက သူသတိအနေအထားနဲ့နေနေတာကိုမလျော့သွားစေပေ။ ချွီမော့ယွီက သူ့အပေါ် လုပ်ခဲ့တာတွေကို 'တောင်းပန်ပါတယ်' ဆိုရုံလောက်နဲ့ပြေလည်မသွားနိုင်ပေ။ ဒါပေမယ့် ထိုသူ့ကို ရန်မစရဲပေ။
" ပိုင်ရှန်းဝမ်က ကုမ္ပဏီအဆောင်မှာပဲ အများအားဖြင့်နေလေ့ရှိတာကို နောက်ပိုင်းမှာ သိခဲ့ရတယ်။ မင်း သူ့အိမ်မှာနေပေမဲ့ သူ့ကိုယ်ပိုင်ပစ္စည်းတွေ မရှိတာကို အဲ့ဒီအချိန်တုန်းက ကိုယ်သတိထားမိသင့်တယ်..."
ချွီမော့ယွီ ထိုအချိန်တုန်းက သူ့မိုက်မဲမှုတွေအတွက်အလွန်စိတ်ပျက်မိ၏။ ရှန်သိုက်၏အခန်းထဲတွင် အခြားအယ်လ်ဖာတယောက်၏ ဖီရိုမုန်း အနံ့ကိုရလိုက်ရသည့်အခါတွင် သူသင်ယူခဲ့ရသည့် စိတ်ကိုထိန်းချုပ်ရမည့် သင်ခန်းစာအားလုံး ပြတင်းပေါက်မှ ထွက်ပြေးသွား၏။ သူ ထိန်းချုပ်နိုင်စွမ်းမဲ့သွား၏။
ရှန်သိုက်လည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ အနည်းဆုံး ချွီမော့ယွီသည် ပိုင်ရှန်းဝမ် ကို ဒုက္ခပေးတော့မှာမဟုတ်ပေ။ ပိုင်ရှန်းဝမ် က သူ့ကို အများကြီး ကူညီပေးပြီးသားဖြစ်ပြီး သူ့ကို ထပ်ပြီး ဒီအရှုပ်ထုပ်ထဲဆွဲမချသင့်ချေ။
"ချိုးချိုးက သူ့ရဲ့ ဖီရိုမုန်းတွေကို အစားထိုးသုံးနေရတာကို တဖြည်းဖြည်းချင်းပြင်သွားဖို့လိုလိမ့်မယ်။ စိတ်မပူနဲ့၊ ကိုယ် ဆရာဝန်နဲ့ တိုင်ပင်ပြီးပြီ။ သူ့ရဲ့ အာရုံခံစနစ်က ဖွံ့ဖြိုးဆဲမို့ ပြုပြင်ဖို့ အရမ်းခက်ခဲမှာ မဟုတ်ဘူး "