လအနည်းငယ်ကြာသည်အထိ ပဋိပက္ခဖြစ်ပွားပြီးနောက် ရန်သူများအဖွဲ့က အထိနာလာသည်။ သိုဝ်တို့၏အင်အားချည်းသာဆိုပါက အနိုင်ရဖို့ခက်ခဲနေသေးသော်လည်း တစ်ဖက်အဖွဲ့၏ပြင်ပအဖွဲ့များကိုအားကိုးချင်းက တချို့သောနယ်ခံအဖွဲ့များကို အဖျားခတ်သွားစေခဲ့သည်။
ဒေါက်တာခန့်သစ်လွင်မှာ ပြန်လည်ထူထောင်ရေးလုပ်နေသောပင်မစခန်းချုပ်တွင် နေထိုင်နေသည်မှာ လအနည်းငယ်ကြာနေပြီဖြစ်သည်။ ပစ်ခတ်မှုများလည်းပြီးသွားပြီဖြစ်ရာ ဘုံရွာလေးသို့သူပြန်ရတော့မည်ဖြစ်သည်။
ဒါပေမဲ့ သိုဝ်ဆိုတော့လူငယ်လေးနဲ့တော့ အခုထိကောင်းကောင်းမဆုံရသေး။
သူသာပြန်သွားပြီးရင် ထပ်ဆုံဖို့ခက်လာပြီမလား။ ဘာလို့ဆို အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်လာပြီဖြစ်တဲ့ လူငယ်လေးက အရင်ကထက်အလုပ်ပိုများလာတော့မှာမို့လေ။
"မင်းတို့ခေါင်းဆောင်ရော"
ကြုံရာအဖွဲ့သားတစ်ယောက်ကိုမေးပြီးနောက် ထိုလူညွှန်ပြသည့် တောင်ကမူလေးပေါ်သို့ တဖြည်းဖြည်းတက်လာခဲ့သည်။ သူရောက်သွားတဲ့အချိန် လူငယ်လေးနဲ့တခြားလူအနည်းငယ်က ဆွေးနွေးစရာပြုနေပုံရသည်။
ခဏကြာတော့မှ လူချင်းကွဲသွားကာ တောင်ကမူလေးထက် သူနဲ့လူငယ်လေးသာ ကျန်ရစ်နေခဲ့၏။
"ကိစ္စရှိလို့လား"
မီးခိုးရောင် စစ်ဘောင်းဘီနှင့် စွပ်ကျယ်အနက်ရောင်ကို ဘွပ်ဖိနပ်ဖြင့်စီးထားတဲ့လူငယ်လေးက ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်၍ သူ့ဆီလျှောက်လာပြီးမေးသည်။
"ဆိုပါတော့...... နောက်နှစ်ရက်လောက်ကြရင် ကိုယ်ရွာကိုပြန်ရမှာ"
"ကျုပ် မောက်ကိုထည့်ပေးလိုက်မယ်"
ပင်မအဖွဲ့ချုပ်က ရွာနဲ့တော်တော်လှမ်းပြီး တောနက်ထဲရှိတာမို့ လမ်းမသိက ပြန်နိုင်မည်မဟုတ်။
မောက်က ဒေါက်တာကြီးကိုအေးစက်စက်ဆက်ဆံသော်လည်း သူ့အသက်ကိုကယ်ခဲ့သူမို့ အလေးထားသည်။ ထို့ကြောင့် အခွင့်အရေးပေးပြီး ကျေးဇူးဆပ်ခွင့်ပြုတာပင်။