အနက်ရောင်နဲ့ကောင်လေးရဲ့ ဘေးတိုက်မျက်နှာပုံစံက အတော်လေး လှတယ်။ ညနေဆည်းဆာချိန်ရဲ့ တိမ်တောက်ချိန်နဲ့ပေါင်းစပ်လိုက်တော့ သူ့ပုံစံက သွေးထဲမှာ နစ်နေတဲ့ ကျောက်စိမ်းဖြူလေးလိုပဲ။ အေးစက်စက်လေးချောမောတယ်။
သူ့ရဲ့ ညာဖက်မျက်လုံးအောက်နားလေးမှာလည်း ဝတ္ထုထဲမှာ ခဏခဏရေးပြထားတဲ့ ဇာတ်လိုက်မင်းသားဖေ့ကျီရဲ့ အမှတ်အသားတစ်ခုလည်းရှိနေတယ်။
မှဲ့နီလေးလေ။
နင်းနင်းရဲ့နှလုံးခုန်နှုန်းတွေ မြန်လာတယ်။
ကောင်းကင်ဘုံက သူမကို သေစေချင်နေတာနေမှာ။
တကယ့်လူကိုမှ သွားမှားရတယ်လို့။
မြေပေါ်မှာလဲနေတဲ့သူကမှ ရှန်းအန်းချောင်တဲ့။
သူမ တံခါးကနေ ဝင်လာတုန်းက ကြောက်ရွံ့နေတဲ့ နီးကျီပုံစံက သူမကို ကြောက်နေတာမဟုတ်ဘဲ ဖေ့ကျီက သရဲတစ်ကောင်လို ပြန်ချနေလို့ ကြောက်နေတာ။
ဆိုတော့ကား ဒါက ဘယ်လိုဇာတ်ကြောင်းကြီးလဲ?
နောက်ဆုံးတော့ ဇာတ်လိုက်မင်းသားက သူ့အစွမ်းတွေကို မဖုံးကွယ်တော့ဘဲ သူ့ကို လှောင်ပြောင်တဲ့ကောင်တွေကိုတောင် ပြန်ဖိုက်နေပြီပေါ့။ သူက ပြိုင်ဖက်ကိုတောင် ဓားနဲ့ရွယ်ထားသေးတယ်။
သူမအနေနဲ့က ဝတ္ထုဆရာမ ရေးထားတဲ့အတိုင်း ဗီလိန်ဇာတ်ပို့တစ်ယောက်ရဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တဲ့အနေနဲ့ ဇာတ်လိုက်မင်းသားကို ဝိုင်းပြီး အနိုင်ကျင့်နေတဲ့အချိန်မှာ သူမလည်း ဝင်ပြီး ဗျင်းရမှာ။
အခုတော့ ဘာတွေဖြစ်ကုန်တာလဲ?
သူမရဲ့ မချိုမချဉ်မျက်နှာပေးကိုမြင်တော့ ဘေးမှာရပ်နေတဲ့ နီးကျီလည်း လန့်သွားတယ်။
သူနဲ့ ရှန်းအန်းချောင်က ဖေ့ကျီ ကုန်းမန်ပြိုင်ပွဲမှာ တအားထူးချွန်နေတာကို မနာလိုကြတဲ့အပြင် ဒီကောင် ညစ်ထားတာတွေရှိမှာလို့ပဲ ယုံကြည်နေကြတာ။ ဒါကြောင့် သူ့ကိုအခန်းထဲဆွဲခေါ်ပြီး ပုံမှန်အတိုင်း အနိုင်ကျင့်ကြတာလေ။
မျှော်လင့်မထားတာက ဖေ့ကျီတစ်ယောက် ရှန်းအန်းချောင်ကို အမှောက်သိပ်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ပိုပြီးမျှော်လင့်မထားတာက ထျန်ရှန်းဇီရဲ့ တပည့်ရင်းကြီးကိုယ်တိုင် ရောက်ချလာတာပဲ။
ဒီမမလေးက နဂိုကတည်းက မင်းသမီးရူးရူးနေတဲ့အပြင် ဇီဇာလည်းကြောင်သလို လွှမ်းမိုးတတ်တဲ့စရိုက်လည်းရှိတယ်တဲ့။ ဒါပေမယ့်သူမက ဖေ့ကျီအတွက် ရပ်တည်ပေးတယ်။ ဒါဘာကြောင့်ဖြစ်မလဲ...သေချာပေါက် အချစ်ကြောင့်ပဲပေါ့။
သူမက စစ်ပွဲတစ်ရာကိုအောင်နိုင်ခဲ့ပေမယ့် အချစ်တစ်ပွဲမှာတော့ ရှုံးနိမ့်ခဲ့ရတဲ့ အချစ်နာကျသွားတဲ့ ကောင်မလေးပါလား။ သူမက သူ့ရဲ့အဆောင်အထိတောင် လိုက်လာပြီး သူ့ကောင်လေးကိုအနိုင်ကျင့်တဲ့သူတွေကို ချက်ချင်းပဲ အပြစ်ပေးတာ။
အင်းလေ...ဒီလို အလိုလိုက်ခံရတဲ့ မမလေးတွေက သူတို့ကို အနိုင်ပိုင်းတဲ့သူတွေကိုမှ ကြိုက်တတ်ကြတာကိုး။
နီးကျီကတော့ လန့်လည်းလန့် ကြောက်လည်းကြောက်ပဲ။ သူ့ခေါင်းထဲမျာ ဖေ့ကျီနဲ့ နင်းနင်းရဲ့ အချစ်ဇာတ်လမ်းကိုပဲ စဉ်းစားနေမိတယ်။ ဒါပေမယ့်လည်း နင်းနင်းကတော့ အဲ့အကြောင်းကို မသိရှာဘူး။
သူမရဲ့ လက်ရှိအတွေးက သွားပြီဆိုတာပဲ။
Systemကို သေချာလုပ်ပါမယ်လို့ ကတိပေးပြီးခါမှ စစချင်းမှာတင် ဒီလိုကြီးကျရှုံးသွားပြီတဲ့လား။ ဇာတ်ကြောင်းကြီးက မမှတ်မိနိုင်လောက်ဆောင် စုတ်ပြတ်သွားပြီ။
အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။
ဒါပေမယ့် လူဆိုတာ ကျင့်ဝတ်ရှိရတယ်လေ။ ယုတ်မာလွန်းတဲ့ ဗီလိန်မကြီးဖြစ်နေပါစေဦး သူ့ဇာတ်ကောင်ရဲ့တာဝန်ကိုတော့ ကတိပေးထားသလို ပြီးအောင်လုပ်ရမယ်။
“ငါက နင့်ကိုကူဖို့ လာခဲ့တာ မဟုတ်ပါဘူးနော်”
မူလနင်းနင်းက ဖေ့ကျီကို မြင်ဖူးထားတယ်ဆိုတော့ “ငါ နင့်ကိုမသိလို့ လူမှားသွားတာလို့” ပြောလို့ မရဘူး။ ဒါကြောင့် သူမ အံကိုကြိတ်ပြီး အပေါ်ကလိုပြောလိုက်တာလေ။ ရှက်သွားလို့ နားလေးတွေတောင် နီနေသေး။
သူမက အမှန်ကို ပြောပေမယ့် နားထောင်နေတဲ့သူတွေကတော့ တစ်မျိုးတွေးလိုက်ကြရော။
နီးကျီတစ်ယောက် ကောင်မလေးရဲ့ နီမြန်းနေတဲ့ နားလေးကို ကြည့်လိုက်တယ်။
အိုက်ယား ရှင်းပြပြီး ရှက်နေရှာတာကိုး။ ဖေ့ကျီနဲ့ဆက်ဆံရေးကို စိုးရိမ်နေပုံပဲ။ ပြောပုံကလည်း ပိုင်စိုးပိုင်နင်းနိုင်ချက်ပဲ။ သူ့ကို ကူဖို့မဟုတ်ဘဲနဲ့ ရှန်းအန်းချောင်ကို ဘယ်လိုလုပ် လာဆူမလဲ?
ဖေ့ကျီပုံစံက မျက်နှာသေနဲ့ပေမယ့် နီးကျီကတော့ အတွေးထဲမှာ မျောနေတယ်။
သူမဘေးက ပတ်ဝန်းကျင်က တစ်ခုခုမူမှန်မနေတာကို ခံစားရတယ်။ ရှေ့ကလူရဲ့ မျက်နက်ဝန်းတွေထဲက ရက်စက်မှုတွေကိုမြင်တော့ ပိုပြီးနေရတာ အဆင်မပြေတော့ဘူး။
“သေချာနားထောင်....နင်က ငါ့ကို ဒီနေ့ အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ ငါက အစွမ်းတစ်ဝက်ပဲသုံးလို့နော်။ သိပ်ပြီး မာနကြီးမနေနဲ့။ နင့်ကို အနှေးနဲ့ အမြန်ပြန်ပြီး အနိုင်ယူပြမှာ”
ဒီစကားက ဝတ္ထုထဲမှာ မူလခန္ဓာကိုယ်ပိုင်ရှင်ပြောခဲ့တဲ့ စကားလေ။
နင်းနင်းက အဲ့စကားကို လွှမ်းမိုးနိုင်တဲ့ပုံစံနဲ့ ဖြဲခြောက်ချင်လို့ပြောလိုက်ပေမယ့် လက်ရှိအခြေအနေမှာကျ အဓိပ္ပာယ်က တစ်မျိုးဖြစ်သွားရော။
အစကတော့ နင်းနင်းက ဖေ့ကျီကို ပြိုင်ပွဲမှာ ရှုံးပြီးမှ ကြိုက်တာလို့ နီးးကျီထင်နေတာ။ တကယ်တမ်းကျ ဒီကြီးတော်လေးက ဖေ့ကျီကို အရင်ကတည်းက မှန်းနေတာကိုး။
သူ့ကောင်လေး ပြိုင်ပွဲမှာနိုင်ဖို့အတွက် သူ့အစွမ်းရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ကိုပဲ သုံးပေးရှာတယ်။ အချစ်အတွက်ဆို ရွှမ်ရွှီဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကြီးကတောင် အရေးမကြီးတော့ပါလားနော်။
စတေးတယ်ဆိုတာ ဒါမျိုးပါလား!
ဂိုဏ်းရဲ့ တပည့်ရင်းတွေကတော့ တပည့်ရင်းဖြစ်ထိုက်ပါပေတယ်။ ကောင်လေးကိုလိုက်တာကအစ ဖြူစင်ရိုးသားတယ်။
သူ့အချစ်ကလေးကို ငါ အနိုင်ကျင့်နေတယ်ဆိုတာသာ သိသွားရင်....
ဖေ့ကျီဓားနဲ့ရွယ်တာခံထားရတဲ့ ရှန်းအန်းချောင်က မျက်ရည်တွေနဲ့။ နီးကျီလည်း တူညီတဲ့အမှားကို ထပ်လုပ်မိမှာစိုးလို့ နှစ်ယောက်သား အီစီကလီလုပ်နေတုန်းမှာ ထွက်သွားတာကောင်းမယ်လို့ တွေးလိုက်မိတယ်လေ။
သူ ခဏလောက်စဉ်းစားပြီးတော့ မျက်နှာချိုသွေးလိုက်တာပေါ့။
“ကျွန်တော် အရင်သွားလို့ရမလားဟင်”
နင်းနင်းကို ဖင်မဖို့အတွက် စကားလည်း ထည့်ပြောလိုက်သေးတယ်။
“အစ်မတို့နှစ်ယောက်က သိပ်လိုက်ဖက်တာပဲ။ နှစ်ယောက်သားက ချောမောပြီးတော့ လှပလွန်းလို့ ကျွန်တော်ဒီမှာဆက်နေနေရင် အနှောက်အယှက်ဖြစ်နေမှာ စိုးလို့လေ”
နီးကျီက သူ့ဟာသူတော့ မျက်နှာချိုသွေးပြီးပြုံးပြနေပေမယ့် နင်းနင်းအမြင်မှာကျ ပျော်လွန်းလို့ ကောင်းကင်ကို ပျံတော့တော့မယ့်ပုံစံပေါက်နေလေရဲ့။
နင်းနင်း စိတ်ဆိုးတယ် တကယ်ပဲ။
ကျေးဇူးပြုပြီး ငါ့ရဲ့ ဗီလိန်မဆိုတဲ့ ရာထူးလေးကိုလည်း လေးစားကြပါဦး!
ပြီးတော့ ဘယ်သူက ဇာတ်လိုက်မင်းသားနဲ့ ဆက်ဆံရေးကောင်းချင်နေလို့လဲ?
သောက်ရမ်းလှပြီး သောက်ရမ်းစွကျင့်ယုတ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဝတ္ထုတွေထဲက မိန်းမနဲ့ယောကျာ်းရဲ့ ဆက်နွယ်မှုတွေကို သိထားပြီးသားပါ။ ဒါ့အပြင် သူမက တုံးတုံးအအလည်း မဟုတ်ဘူးလေ။ သေချာပေါက် နီးကျီဘာကိုဆိုလိုလဲဆိုတာကို နားလည်တာပေါ့။
သူမအခုလုပ်နေတဲ့ပုံစံက လူတွေကို အလွယ်တကူအထင်အမြင်လွဲစေနိုင်သလို သူမ ရှင်းပြလိုက်ရင်လည်း အခြေအနေက ပိုဆိုးသွားမှာ စိုးရတယ်။
မူလဇာတ်ကြောင်းထဲမှာ ဒီခန္ဓာကိုယ်ပိုင်ရှင်က ဖေ့ကျီကို ရန်စပြီးတာနဲ့ ထွက်သွားတာ။ လက်ရှိအခြေအနေကြီးကတော့ ရှက်ဖို့ကောင်းလွန်းလို့ သူမလည်း မနေချင်တော့ပေမယ့် အထင်လွဲနေတာ ပျောက်ဖို့ဆိုရင်တော့ မသွားခင် စကားတစ်ခွန်းလောက်တော့ ပြောထားခဲ့မှနဲ့တူတယ်။
“ငါ နင့်ကို တကယ်မကြိုက်ပါဘူးနော်”
ဖေ့ကျီက သူမကို လှမ်းကြည့်လာတယ်။
သူ့မျက်နှာကို အနီးကပ်မြင်မှပဲ မျက်နှာသေကြီးမှန်းသိတော့တယ်။ သူ့ရဲ့ အကြည့်က ဇာမဏီငှက်လို စူးရှပြီး အသံက လူသတ်လိုတဲ့အငွေ့အသက်တွေနဲ့ အေးစက်နေတယ်။
“မင်း ငါ့ကို ကြိုက်နေတယ်လို့လည်း မပြောမိပါဘူး”
နင်းနင်း နင်သွားတယ်။
မင်းသား အစုတ်ပလုတ်...ခွေးကောင်...အူးဝါး အဲ့စကားကိုမပြောရင် သေမှာကျလို့။
အခုတော့ သူမပုံစံက အရူးမကြီးလို ဖြစ်သွားပြီမလား။
“ပြီးတော့ နင်တို့”
ဖေ့ကျီက သံတုံးကြီးလေ။ ဒင်းကိုသွားကန်နေရင် သူမပဲ ကျပ်မပြည့်တဲ့သူဖြစ်မှာ။ ဒီတော့ ကုလားမနိုင်ရင် ရခိုင်ကို မဲရမှာပဲ။
“အဓိပ္ပါယ်မရှိတာတွေ လျှောက်တွေးမနေနဲ့”
နီးကျီးမျက်နှာထားကတော့ ပြုံးစိစိပဲ “ဟုတ်ပါတယ် အစ်မကြီးရယ်...အမကြီးက ငါ့ကိုရဖို့ခက်တယ်နော် လို့ကြေညာနေတဲ့ပုံစံဆိုတာ အကုန်သိပါတယ်” ဆိုတဲ့ မျက်နှာပေးနဲ့။
သူအလိုက်သင့်ပဲ ခေါင်းငြိမ့်ပေးလေရဲ့။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ပေါက်ကရတွေမပြောတော့ပါဘူး”
သူ့ရဲ့ မျက်နှာကြီးကို မြင်နေရတာနဲ့တင် စိတ်တိုလို့ သော်ကေတော့မယ်။
ဒါပေမယ့်လည်း သူနဲ့ရန်ဆက်ဖြစ်မနေနိုင်တော့ဘူး။ ဒါကြောင့် အံကိုကြိတ် ဖေ့ကျီကိုကြည့်ပြီး Systemက သင်ပေးတဲ့ အယုတ်မာဆုံး အပြင်းထန်ဆုံး အပက်စက်ဆုံးဆိုတဲ့ စကားလုံးတွေကို သုံးပြီး ပြောချလိုက်ပါတော့တယ်။
“ငါတို့ ထပ်တွေ့ကြရဦးမှာပါ။ နင် စောင့်နေ"
နင်းနင်း: “….”
အခုသူမပြောလိုက်တဲ့ စကားကြီးက ကောင်လေးကို ရှက်ရှက်နဲ့ ခံစားချက်တွေ ဝန်ခံလိုက်တာကြီးနဲ့ တူသလိုပဲနော်။
“ထပ်တွေ့မယ် စောင့်နေ” ဆိုတာကြီးက မူရင်းဝတ္ထုမှာ ဌာန်နဲ့မာန်နဲ့ ဒေါနဲ့မောနဲ့ မကျေနပ်လို့ ပြောတဲ့စကားဆိုပေမယ့် သူမ အဖြစ်မှာကျ....
အချစ်ကလေးကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး ဆိုတဲ့ ခံစားချက်ကြီး ဘာလို့ရနေတာပါလိမ့်?
နင်းနင်းတစ်ယောက် မျှော်လင့်မထားတဲ့ အထင်လွဲမှုတွေကြောင့် နင်ပြီးသေတော့မလိုပဲ။ ဒါကြောင့် အင်္ကျီလက်ကိုယမ်းပြီး ဘောက်ဆတ်ဆတ်နဲ့ထွက်သွားလေရဲ့။
နီးကျီကတော့ဖေ့ကျီကို ကြောက်ကြောက်နဲ့လှမ်းကြည့်လိုက်တယ်။
“ကြည့်ရတာ သူကမင်းကို အတော်ကြိုက်နေတဲ့ပုံပဲကွ။ ဂုဏ်ယူပါတယ်”
ဟိုကြီးတော်လေး ထွက်သွားပြီဆိုတော့ ခွေးရူးဖေ့ကျီတစ်ယောက် သူ စာရင်းရှင်းရမယ့်အချိန်ပဲလို့ တွေးမိလိုက်တော့တယ်။
![](https://img.wattpad.com/cover/376387762-288-k691888.jpg)
VOCÊ ESTÁ LENDO
တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်
Romanceနင်းနင်းက ကျင့်ကြံခြင်းဝတ္ထုတစ်ခုထဲကို အယုတ်တမာ ဆရာတူညီမလေးအနေနဲ့ ဝိဉာဉ်ကူးလာတယ်။ သူမ အသက်ရှင်ချင်ရင် ဇာတ်ကြောင်းအတိုင်းလိုက်နာဖို့လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာရမယ်။ ပစ်မှတ် နံပါတ် ၁ : စေတနာသဒ္ဓါတရားထက်သန်တဲ့ ဂုဏ်သရေရှိ ဆရာတူအစ်ကိုကြီး ဆရာတ...