" သားကြီး!! "စစ်သု့ရှင်၏ အော်သံကြောင့် နံရံထောင့်တွင်ကပ်ကာ ငိုမဲ့မဲ့ဖြစ်နေသူက အားပါးတရပင်အော်ငိုလာတော့သည်။
" မညှပ်ဘူးလို့! အီးဟီး... ဒယ်ဒီ နဲ့ တူတဲ့ဆံပင်တွေကို မညှပ်ဘူးလို့!! "
သားကြီးဖြစ်သူပြောလာသည့် စကားကြောင့် စစ်သု့ရှင်လွန်စွာအံ့ဩသွားရသည်။ ထိုအချိန်တွင်ဘေးဘက်တွင်ရှိနေသည့် သားငယ် မှာ သားကြီး၏ရှေ့တွင်ပိတ်ရပ်ကာ သူ့ကိုမော့ကြည့်လျက်....
" သားညှပ်မယ် ပါပါး... ကိုကို့အစားသားပိုညှပ်ပေးမှာမလို့.. ဂတုံး တုံးဆိုလည်းတုံးပါ့မယ် "
သားငယ်ဖြစ်သူ၏စကားကြောင့် စစ်သု့ရှင် မည်သို့ပင်တုံ့ပြန်ရမည်မသိ ဖြစ်သွားရသည်။
ဆံပင်ကိုပိုညှပ်ပေးလို့ရသလား... သားငယ်၏အတွေးတို့အား စစ်သု့ရှင် လိုက်မမှီနိုင်တော့ပေ....
သားငယ်မှာ အနေအေးသူဖြစ်သော်ငြား အစ်ကိုဖြစ်သူအား လွန်စွာအလိုလိုက်၍ ကာကွယ်ပေးတက်သူလည်းဖြစ်သည်။
သားကြီးမှာတော့ ရစ်လုံးဟုပင် စနောက်ခေါ်ဆိုကြသည်အထိ အရစ်သန်သူဖြစ်ကာ ပြောဆိုရခက်သည့် အဆိုးလေးလည်းဖြစ်သည်။
" ဘယ်အချိန်ကတည်းက သိနေတာလည်း "
စစ်သု့ရှင်မေးလိုက်တော့ သားကြီးမှာ သားငယ်၏နောက်တွင် ကုတ်ကုတ်လေးရပ်လျက် သားငယ်၏ခါးမှ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်လာသည်။
စစ်သု့ရှင် မတ်တပ်ရပ်နေရာမှ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာ ခပ်အေးအေးလေသံဖြင့်....
" ပါပါးကို ဘယ်သူဖြေရှင်းချက်ပေးမလည်း "
ထိုသို့ဆိုတော့ သားငယ်၏နောက်မှ သားကြီးမှာ ခေါင်းလေးအသာစောင်း၍ သူ့ကိုလှမ်းကြည့်လာသည်။ မျက်ရည်တို့စိုစွတ်နေသည့် မျက်တောင်ဖျားလေးတွေကို ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း ကြည့်နေပုံက ချစ်ဖွယ်အတိ...
" သား.. သားမနေ့တုန်းက ပါပါးရဲ့ပိုက်ဆံအိတ်ကို ယူဆော့မိပါတယ်... ပြီးတော့ ပါပါးရဲ့မှတ်ပုံတင်ကို သေချာကြည့်မလို့ဆိုပြီး ဆွဲထုတ်လိုက်တော့.. အနောက်က ဓာတ်ပုံကပေါ်လာတာ.. ပါပါးရဲ့ဘေးမှာရှိနေတဲ့သူက သားတို့ရဲ့ဒယ်ဒီဆိုတာ သားကြည့်လိုက်တာနဲ့သိတယ်.. "
