စစ်သု့ရှင် အမှန်ပင်အိပ်ပျော်သွားခြင်းဖြစ်ရာ နိုးလာသည့်အချိန်တွင် Sharman ကရှိမနေတော့ပေ... နူးညံ့အိစက်နေသည့် မွေ့ယာထက်၌အိပ်ရသည်က အလွန်ပင်သက်တောင့်သက်ကာ ဖြစ်စေကာ ကလောမြို့၏ရာသီဥတုမှာလည်း စောင်ထူထူအောက်၌ ကွေးနေဖို့အသင့်ဆုံးရာသီဥတုပင်...သို့ပေမယ့် သားတို့ကိုတွေ့ချင်နေပြီဖြစ်သောကြောင့် စစ်သု့ရှင် အခန်းထဲမှထွက်လာခဲ့လိုက်သည်။ လမ်းတစ်လျှောက်၌ ရှင်းလင်းနေကာ အချိုးအကွေ့များလွန်းသဖြင့် စစ်သု့ရှင် မျက်စိပင်လည်သွားရသည်အထိ...
စစ်သု့ရှင် အတန်ကြာသည်အထိ အချိုးအကွေ့များစွာကိုဖြတ်လာခဲ့သော်ငြား အောက်ထပ်ကိုဆင်းရမည့်လှေကားကိုရှာမတွေ့ပေ.. ဖုန်းကလည်း Sharman ၏အခန်းထဲတွင်ကျန်နေခဲ့ခြင်းဖြစ်ရာ ထိုအခန်းသို့ပင်ပြန်မသွားတက်တော့သည်အထိ မျက်စိလည်နေခြင်းဖြစ်သည်။
ရှင်းလင်းနေသည်က ခြောက်ခြားစရာကောင်းသလို ပုံစံတူထောင့်ချိုးများကြောင့် တစ်နေရာထဲတွင်ပိတ်မိနေသလို ခံစားလာရကာ အသက်ရှုပင်ကြပ်လာသလိုခံစားရသည်။ ဝဲတက်လာသည့်မျက်ရည်တို့က အတားအဆီးမဲ့စွာ ပြိုကျလာရင်း စစ်သု့ရှင် အပြေးအလွှားသွားနေမိသော်ငြား ထွက်ပေါက်ကိုရှာမတွေ့ပေ...
" အသေးလေး! "
စစ်သု့ရှင် အပြေးသွားနေရင်း ခေါ်သံကြောင့် ခြေလှမ်းတို့ရပ်တန့်ကာ လှည့်ကြည့်လိုက်တော့ Sharman ကစိုးရိမ်မှုတို့လွန်ကဲနေသည့် မျက်နှာလေးဖြင့် သူ့ထံသို့အပြေးလာသည်ကို တွေ့ရသည်။
စစ်သု့ရှင် ထိုသူလာရာဘက်သို့ အပြေးသွားလိုက်ခြင်းဖြစ်ရာ Sharman မှာသူ့အားပွေ့ချီလိုက်သဖြင့် သူ့ခြေထောက်တို့မှာ Sharman ၏ခါးတွင်ခွလျက်သားဖြစ်သွားရကာ လက်တို့မှာလည်း Sharman ၏လည်ပင်းကိုသိုင်းဖက်ထားသည့် အနေအထားဖြစ်သွားရသည်။
" ဟင့်! ဘယ်တွေသွားနေတာလည်း.. "
" ကိုယ်တောင်းပန်ပါတယ် "
Sharman ကတောင်းပန်စကားဆိုရင်း ငိုနေသူ၏ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်ခြင်းဖြစ်ရာ စစ်သု့ရှင်မှာပိုတိုး၍ပင် အော်ငိုလာတော့သည်။
